ကင်မ်ဂျံုအန်းကို စော်ကားတဲ့အတွက် ဒေါ်နယ်ထရမ့် သေဒဏ်ကျသင့်ဟု မြောက်ကိုရီးယား ပြော

ကင်မ်ဂျံုအန်းကို စော်ကားတဲ့အတွက် ဒေါ်နယ်ထရမ့် သေဒဏ်ကျသင့်ဟု မြောက်ကိုရီးယား ပြော

နိုဝင်ဘာ ၁၆ ။           ။ မိမိတို့နိုင်ငံခေါင်းဆောင် ကင်မ်ဂျံုအန်းကို စော်ကားခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သေဒဏ်ပြစ်ဒဏ်နဲ့ ထိုက်တန်နေပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ပျစ်ပျစ်နှစ်နှစ် ဝေဖန်လိုက်ပါတယ်။

အလားတူ ကိုရီးယားနှစ်နိုင်ငံကြား နယ်စပ်ကို လာရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တဲ့ ထရမ့်ဟာ တကယ်တမ်းမှာတော့ သူရဲဘောင်ကြောင်သူတစ်ယောက်သာ ဖြစ်ကြောင်း   မြောက်ကိုရီးယားမီဒီယာက ပြောကြားလိုက်ပါသေးတယ်။

မြောက်ကိုရီးယား အာဏာရပါတီရဲ့ သတင်းစာ Rodong Sinmun မှာ ဖော်ပြထားတဲ့ အယ်ဒီတာ့ အာဘော်တစ်ခုထဲမှာဆိုရင် ပြီးခဲ့တဲ့အပတ်က ထရမ့်ရဲ့ တောင်ကိုရီးယားခရီးစဉ်နဲ့ ပတ်သက်လို့ ပြစ်တင်ထိုးနှက်ချက်တွေကို ဇောင်းပေးဖော်ပြထားပါတယ်။

ဒေါ်နယ်ထရမ့် အနေနဲ့ကတော့ ၎င်းရဲ့ အာရှခရီးစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံ ပါလီမန်မှာ မိန့်ခွန်းပြောကြားခဲ့ရာမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကို ရက်စက်ကြမ်းကြုတ်သူတစ်ဦး အဖြစ် ခိုင်းနှိုင်း ပြစ်တင်ရှုတ်ချသွားခဲ့တာဖြစ်ပါတယ်။

ယင်းနောက် ထရမ့်ရဲ့ တိုက်ခိုက်ပြောကြားခဲ့မှုတွေနဲ့ပတ်သက်လို့ ယခုအခါမှာ မြောက်ကိုရီးယားဘက်က ပြန်လည်တုန့်ပြန်လာခဲ့တာဖြစ်ပါတယ်။

" သူ့ရဲ့ အဆိုးရွားဆုံး ကျူးလွန်မှုက ဘာလဲဆိုတော့ သူဟာ နိုင်ငံရဲ့ အမြင့်ဆုံး ခေါင်းဆောင်ကို ဂုဏ်သိက္ခာ ထိခိုက်အောင် ပြောသွားရဲတာပဲဖြစ်ပါတယ်၊ ဒီကျူးလွန်မှုမျိုးက ဘယ်တော့မှ ခွင့်လွှတ်ပေးလို့ မရနိုင်ပါဘူး" လို့ ယင်းမြောက်ကိုရီးယားသတင်းစာ အယ်ဒီတာ့အာဘော်မှာ ရေးထားပါတယ်။

" တကယ်တော့ သူဟာ ကိုရီးယားပြည်သူတွေ သေဒဏ်ပေးတဲ့ ရာဇဝတ်သားတစ်ယောက်ဖြစ်တယ်ဆိုတာကိုတော့ သူသိသင့်ပါပြီ" ဆိုပြီး ယင်း ဖော်ပြချက်မှာ ရေးသားဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ Trump အနေနဲ့ကတော့ သမ္မတဖြစ်လာပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un နဲ့အကြား အပြန်အလှန် ဝေဖန်တိုက်ခိုက်မှုတွေကို အရှိန်မြင့်လုပ်ဆောင်ထားခဲ့သူလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required