ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှု အောင်သစ္စာဦးအာမခံလုပ်ငန်းမှ လျော်ကြေးပေးရန် မလိုဟု ဆို

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှု အောင်သစ္စာဦးအာမခံလုပ်ငန်းမှ လျော်ကြေးပေးရန် မလိုဟု ဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ။             ။ ရန်ကုန်တွင် ဆုံးရှုံးမှုတန်ဖိုးအများဆုံးဖြစ်သည့် ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မီးလောင်မှုတွင် အောင်သစ္စာဦး အာမခံလုပ်ငန်းမှ လျော်ကြေးပေးရန် မလိုအပ်တော့ကြောင်း အဆိုပါအာမခံလုပ်ငန်း၏ ဒုမန်းနေးဂျင်း ဒါရိုက်တာဖြစ်သူ ဒေါ်မာလာညွှန့်က ပြောသည်။

အောင်သစ္စာဦးတွင် အာမခံထားသည့် အားကစားခန်းမမှာ ပျက်စီးမှုမရှိသောကြောင့် လျှော်ကြေးပေးရန် မလိုတော့ကြောင်း လွန်ခဲ့သည့်ရက်ပိုင်းက ဟိုတယ်ဘက်မှ အကြောင်းကြားစာပေးပို့လာခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

“ သူကအကျုံးဝင်ပါတယ်။ တကယ်လို့ တစ်ခုခုပျက်စီးရင် အကျုံးဝင်တယ်။ ဒါပေမယ့် သူတို့ဘက်က ဘာမှ သိပ်မပျက်စီးဘူးလေ။  မီးလေး နည်းနည်းလေးပဲ ဟပ်ယုံ လောက်ပဲ။ ဟပ်ယုံတောင်မှ ဘာမှညိုမည်းသွားတာ မျိုးလည်းမရှိတော့ သူတို့မတောင်းဘူး ” ဟု အောင်သစ္စာဦးအာမခံလုပ်ငန်း၏ ဒုမန်းနေးဂျင်းဒါရိုက်တာဖြစ်သူ ဒေါ်မာလာညွှန့်က ပြောဆိုသည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်သည် မြန်မာ့အာမခံလုပ်ငန်းတွင် ကျပ် ၈၅၅ သန်းနှင့် အောင်သစ္စာဦး အာမခံ လုပ်ငန်းတွင် ကျပ် သန်း ၅၀၀ ကျော် အာမခံထားခြင်းလည်း ဖြစ်ပြီး အောက်တိုဘာ ၁၉ ရက်က ဟိုတယ်တစ်ခုလုံးနီးပါး မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှုကြောင့် ကျပ်သန်း သုံးသောင်း ကျော် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ ပြောဆိုထားသည်။

အောင်သစ္စာဦးအာမခံမှ လျော်ကြေးပေးအပ်ရန်မလိုအပ်သော်လည်း မီးလောင်မှုတွင် အဓိကပေးလျော်ရန် ရှိနေသည့် မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ကျွမ်းကျင်ပညာရှင်များပါ၀င်သည့် “ ဆုံးရှုံးမှု တန်ဖိုးတွက်ချက်ရေးအဖွဲ့”  ငှားကာ စစ်ဆေးနေကြောင်းလည်း အထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်းက ပြောသည်။

ထို့အပြင် လာမည်နိုဝင်ဘာ တတိယအပတ်ထဲတွင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ပိုင် ဦးတေဇ၊ ဆုံးရှုံးမှုတန်ဖိုး တွက်ချက်ရေးအဖွဲ့နှင့် မြန်မာ့အာမခံလုပ်ငန်းမှတာဝန်ရှိသူများ အာမခံပေးလျှော်ရန်အတွက် တွေ့ဆုံဆွေးနွေး သွားရန်ရှိနေကြာင်းလည်း သိရသည်။

ဟိုတယ် အခန်း ၁၈၀ အနက် ၉၀ ကျော်မီးလောင်ဆုံးရှုံးခဲ့သည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် တည်းခိုနေသူ ဂျပန်နိုင်ငံသားတစ်ဦးနှင့် ထိုင်းနိုင်ငံသူဟု ယူဆရသူတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး မီးသတ် တပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်များကြောင့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မန်နေဂျာ ဦးသီဟအား အမှု ၃ ခုဖြင့် တရားစွဲဆိုထား ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ် တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်သည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို အကြီးစား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးတေဇက ထိုင်းနိုင်ငံ Baiyoke Group of Hotels ထံမှာ အမေရိကန်ဒေါ်လာ ၂၉ သန်းဖြင့် ၂၀၁၀ ခုနှစ်က ၀ယ်ယူထားခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly