မြေပဲများ ကြွက်စားခံရခြင်းနှင့် ပဲစျေးနှုန်းအရ နည်းခြင်းတို့ကြောင့် မကွေးတောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရ

မြေပဲများ ကြွက်စားခံရခြင်းနှင့် ပဲစျေးနှုန်းအရ နည်းခြင်းတို့ကြောင့် မကွေးတောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရ

မကွေး၊ နိုဝင်ဘာလ ၁၆ ။            ။ မကွေးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးလယ်ကာလက စိုက်ပျိုးခဲ့သော ဆောင်းသီးနှံ မြေပဲများ ကြွက်စားခံရခြင်းနှင့် ပဲပေါ်ချိန်တွင် စျေးနှုန်းအရ နည်းခြင်းတို့ကြောင့် အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံတောင်သူများ၏ပြောကြားချက်အရ သိရသည်။

တောင်သူများ စိုက်ပျိုးထားသည့် မြေပဲစိုက်ပျိုးခင်းများ ပွင့်ချိန်တွင် မိုးရွာသွန်ခြင်း၊ မြေပဲ တောင့်များ ဖြစ်ချိန် တွင် မြေပဲတောင့်များအား ကြွက်များစားခြင်း၊ မြေပဲဝယ်သည့် ပွဲစားများမှ စျေးနှိမ် ၀ယ်ယူခြင်းတို့ကြောင့် တောင်သူများသည် မြေပဲပေါ်ချိန်၌ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း မကွေးမြို့နယ် ဆားတိုင်ကန်ကျေးရွာမှ တောင်သူ ဦးကျော်ဌေးက ပြောသည်။

“ ကျွန်တော်က မိုးလယ်ပိုင်းမှာ မြေပဲ (၇)ဧကစိုက်ပါတယ်၊ မြေပဲမျိုးစေ့ တင်း ၂၀ ဝယ်စိုက်ရပါတယ်၊ မြေပဲတင်း ၂၀ စိုက်ပျိုးရင်မြေပဲတင်း ၅၀၀ ကျော်ထွက်ပါတယ်၊ အခုတော့ စိုက်ပျိုးထားတဲ့ မြေပဲခင်းထဲက သုံးချိုးတစ်ချိုး ကျော် ကြွက်စားခံရတယ်။ ရာသီဥတုကလည်း မကောင်းတော့ မြေပဲတင်း ၂၇၀ ပဲ ထွက်ပါတယ်၊ ပဲထွက် နည်းတဲ့အပြင် ပွဲစားတွေက စျေးနှိမ်ဝယ်တော့ရှုံးပါတယ်” ဟု တောင်သူဦးကျော်ဌေးက ဆိုသည်။

မကွေးမြို့နယ် ဆားတိုင်ကန်ကျေးရွာသည် အိမ်ခြေတစ်ထောင်ခန့်ရှိပြီး အများစုမှာ တောင်သူများ ဖြစ်ကြောင်း သိရပြီး မိုးလယ်ပိုင်း မြေပဲစိုက်ချိန်တွင် မြေပဲမျိုးစေဆံ တစ်ပိသာလျင် ၄၅၀၀ကျပ် ပေးဝယ်စိုက်ရပြီး ယခု ဆောင်းရာသီ မြေပဲပေါ်ချိန်တွင် မြေပဲဆံ တစ်ပိသာ ၂၂၅၀ကျပ်ကျော်ဖြင့် ပွဲစားများက ဝယ်နေ၍ အရှုံးများ ဖြစ်ပေါ်နေကြောင်း ဒေသခံတောင်သူများထံက သိရသည်။

မြေပဲစိုက်ချိန် အရင်းအနှီးကျပ် ၁၅ သိန်း၊ သိန်း ၂၀လောက် ရင်းထားတာ သုံးလေးလလောက် ရင်းထားပြီး ကာမှ ပဲဖော်တာ ရောင်းချပြီး မျိုးဖိုး၊ဆေးဖိုး၊ထွန်ယက်ခနဲ့ ပေါင်းထိုးခနဲ့ ပဲစွတ်ခတွေ နုတ်လိုက်ရင် ကျပ် ၁၀၀၀၀ ပဲ ကျန်တာ။ တချို့ဆို လက်ထဲဘာမှ မကျန်တဲ့သူတွေ ရှိတယ်။ တစ်နှစ်နဲ့ တစ်နှစ် ပိုပိုဆိုးလာတယ်ဟု ဆားတိုင်ကန်ကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

တောင်သူလုပ်ကိုင်သူများသည် ရာသီဥတုပြောင်းလဲခြင်း၊အရင်းအနှီးနှင့် ထွန်ယက်ကိရိယာ၊ လုပ်သားရှားပါးမှု နှင့် သီးနှံများထွက်ချိန်တွင် ကုန်သည်ပွဲစားများ၏ စျေးကွက်ကစားခြင်း၊ စျေးချစျေးနှိမ်မှုများ ခံကြရပြီး သီးနှံပြတ်လောက်သည့်အခါ စျေးတက်၍ စျေးကွက်ကစားသည့်ဒဏ်များ ရင်ဆိုင်နေရကြောင်း မကွေးမြို့နယ် ဆားတိုင်ကန်၊ သန်းတောကုန်း၊ ပုထိုးစမ်းနှင့် သပြေစမ်းကျေးရွာများမှ တောင်သူများထံက သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆောင်းမြေ ပဲစိုက်ခင်း ၁၅၀၁၆၇ ဧက စိုက်ပျိုးခဲ့ကြောင်း သိရပြီး မကွေးမြို့နယ်တွင် ၁၈၉၂ ဧက စိုက်ပျိုးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly