ရခိုင်ပြည်နယ် အကြပ်အတည်း ကြာရှည်နေမည်ဆိုလျှင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ၀င်ရောက်မှုကို ထိခိုက်လာနိုင်

ရခိုင်ပြည်နယ် အကြပ်အတည်း ကြာရှည်နေမည်ဆိုလျှင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ၀င်ရောက်မှုကို ထိခိုက်လာနိုင်

သြဂုတ်လ ၂၅ ရက်နေ့မှ စတင်ဖြစ်ခဲ့သော ရခိုင်ပြည်နယ်၊ မြောက်ပိုင်းပဋိပက္ခ နှင့် အကြပ်အတည်းများကြောင့် လက်တလော နိုင်ငံတကာရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ၀င်ရောက်မှုအပေါ် သက်ရောက်မှု မရှိသော်လည်း ရေရှည်ဖြစ်ပွားနေပါက ထိခိုက်လာ နိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်များသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC) မှ ခွင့်ပြုထားသည့် လုပ်ငန်းများ မရှိခြင်း၊ လက်ရှိအနေအထားအရ ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်ရန် အခြေခံ အဆောက် အဦများ မရှိသေးခြင်းနှင့်  ရခိုင်ပြည်နယ် တောင်ပိုင်းတွင်သာရင်းနှီးမြှုပ်နှံမှုများသည်ဝင်ရောက်ထားခြင်းကြောင့် လတ်တလောသက်ရောက်မှုမရှိခြင်း ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက နိုဝင်ဘာလ ၁၅ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီး မြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြော ကြားခဲ့ဖြစ်သည်။

"ရေတိုမှာတော့ သက်ရောက်မှုမရှိဘူး။ သို့သော်လည်း နိုင်ငံတကာ ပုံရိပ်မှာကျတော့ မျိုးစုံပေါ့။ ကျွန်တော်တို့ တိုင်းပြည်မှာဖြစ်တဲ့ ဟာကို တစ်ချို့က ပုံကြီးချဲဲ့ပြောတာ၊ တစ်ချို့က မမှန်ကန်တဲ့ သတင်းတွေကို ပြောကြတဲ့ အခါကြတော့ တကယ်ဖြစ်စဉ်ကို အပြင်မှာရှိတဲ့ ပုဂ္ဂိုလ်တွေ နားလည်ထားတာ တစ်မျိုးဖြစ်နေတယ်။ တစ်ချို့ လည်း မြန်မာပြည်မှာသွားလုပ်ရင် လုံခြုံမှုရှိပါ့မလား ဆိုပြီး စိုးရိမ်စိတ်လေးတွေ ရှိတာပေါ့။  " ဟု ဦးအောင်နိုင်ဦး က ဆိုသည်။

လက်ရှိ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုလုပ်ငန်းများသည် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်သို့ ပုံမှန်အတိုင်း အဆိုပြု လွှာများ လျှောက်ထားခြင်း၊ ကော်မရှင်မှ စိစစ်ပြုခွင့်ပြုခြင်းများ   ဆောင်ရွက်လျက်ရှိသော်လည်း ယင်းဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားနေ ပါက တိုင်းပြည်အပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း သိရသည်။

ဦးအောင်နိုင်ဦးက "နာတာရှည် မဖြစ်ဖို့လိုတယ်။ နာတာရှည်ဖြစ်နေရင်တော့ တိုင်းပြည်အပေါ်မှာ အနည်းနဲ့ အများသက်ရောက်မှု ရှိနိုင်တယ်။ အထူးသဖြင့် အနောက်ဘက်က လာမယ့်ရင်းနှှီးမြှုပ်နှံမှုတွေ ဆိုင်းသွားနိုင်တယ်"ဟု ဆိုသည်။

သို့သော် အစိုးရအနေဖြင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျနှင့် အစီအစဉ်တကျ ဆောင်ရွက်နေသည့်အတွက် ရေရှည်မဖြစ်ပွားနိုင်ဟု မျှော်လင့်ထားကြောင်း ဦးအောင်နိုင်ဦးက သုံးသပ်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နို၀င်ဘာလအထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအမေရိကန်ဒေါ်လာ  ၄ ဒသမ ၅ ဘီလီယံကျော် စိစစ်ခွင့်ပြုပြီး ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း အမှန်ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။     

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly