၂၁ ရာစုပင်လုံညီလာခံကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပရန် အပစ်ရပ် ၈ ဖွဲ့မှ အဆိုပြုမည်

၂၁ ရာစုပင်လုံညီလာခံကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပရန် အပစ်ရပ် ၈ ဖွဲ့မှ အဆိုပြုမည်

ချင်းမိုင်၊နိုဝင်ဘာလ ၁၆ ။             ။ အစိုးရက ဒီဇင်ဘာလတွင် ကျင်းပရန် လျာထားသော ၂၁ ရာစုပင်လုံ တတိယအကြိမ် ညီလာခံကို လာမည့် ၂၀၁၈ ခုနှစ်သို့ ပြောင်းရွှေ့ ကျင်းပရန် တင်ပြမည် ဖြစ်ကြောင်း အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် ကော်မတီ (PPST)က နှစ်ရက်ကြာ အစည်းအဝေးအပြီး ပြောဆိုလိုက်သည်။

ငြိမ်းချမ်ေးရးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Amora Tapae ဟိုတယ်တွင် နုုိဝင်ဘာလ ၁၄ နှင့် ၁၅ ရက်က နှစ်ရက်ကြာ ကျင်းပသော အစည်းအဝေးမှ အချက် ၁၅ ချက်ကို သဘောတူ ဆုံးဖြတ်နိုင်ခဲ့ပြီး ၆ ချက်ကို မှတ်တမ်းတင်နိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF)၏ ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

“ကျွန်တော််တို့ အခြေခံ မူတွေကို တင်ပြမယ်။ ဆွေးနွေးမယ်ဆိုတဲ့ဟာတွေ စဉ်းစားတယ်။ ဒီကြားထဲမှာ ဆောင်ရွက်ဖို့ အဆင့်ဆင့်ကိုလည်း ကျွန်တော်တို့ စဉ်းစားတယ်။ ပြီးတော့ ကျွန်တော်တို့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ မကျင်းပသေးတဲ့ ဒေသတွေလည်း ရှိနေသေးတယ်။ ဒါတွေ ဆွေးနွေးနိုင်ဖို့ ကျွန်တော််တို့ စဉ်းစားတယ်။ အဲဒီလို ကျွန်တော်တို့ ဘက်ပေါင်းစုံကနေ ကျွန်တော်တို့ ဆွေးနွေးပြီးတော့ စဉ်းစားတဲ့ အခါကြရင် အစောဆုံး ကျင်းပနိုင်ရင်တောင်မှာ လာမည့် ပြည်ထောင်စုနေ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ စပြီး ကျင်းပနိုင်လို့ ရှိရင်တော့ ဒါက ဘက်ပေါင်းစုံဘက်ကနေ အကောင်းဆုံး ဖြစ်မယ်လို့ မြင်ပါတယ်”ဟု သူက ပြောသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်သေးခြင်း၊ ဘက်ပေါင်စုံ အဖြေကောင်းရရေး ပြင်ဆင်ရန် လိုအပ်နေသေးသဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၊ ၂၁ ရာစုပင်လုံ ညီလာခံ တတိယအကြိမ် ညီလာခံကို လာမည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပရန် အစိုးရထံသို့ အဆိုပြုသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)နှင့် ရခိုင်အမျိုးသားပါတီ(ALP)တို့သည် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမကျင်းပနိုင်သေးပေ။

အဆိုပါ အဆိုပြုချက်ကို လာမည့် နိုဝင်ဘာလ ၂၀ ရက်ကျော်တွင် အစိုးရနှင့် တွေ့ဆုံ၍ အဆိုပြု တင်ပြသွားမည် ဖြစ်ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

နှစ်ပေါင်း ရ၀ ကြာ ပြည်တွင်းစစ် ချုပ်ငြိမ်းရန်အတွက် ပြင်ဆင်ရန်၊ သည်းခံ၊ စိတ်ရှည်ရန် လိုအပ်ကြောင်း ထိုသို့ မဟုတ်ဘဲ ညီလာခံကို အလျင်အမြန် ကျင်းပသော်လည်း အကျိုးရှိမည် မဟုတ်ကြောင်း သူက သတင်းထောက် များကို ပြောဆိုခဲ့သည်။

နှစ်ရက်ကြာ ကျင်းပသော PPST အစည်းအဝေးတွင် ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပခဲ့ပြီးနောက် အပစ်ရပ် အဖွဲ့ ၈ ဖွဲ့က ရေးဆွဲထားသည့် ပြည်ထောာင်စု သဘောတူစာချုပ် မူကြမ်းကို အစည်းအဝေးတွင် တင်ပြခဲ့ရာ PPST က လက်ခံခဲ့ပြီး အဆိုပါ မူကြမ်းကို အစိုးရ၊ လွတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ UPDJC အတွင်းရေးမှူးအဖွဲ့နှင့် လက်မှတ်မထိုးသေးသော တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အလွတ်သဘောဆွေးနွေးသွားရန်လည်း ဆုံုးဖြတ်ခဲ့သည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

“ဒီနေ့အစည်းအဝေးမှာ ထပ်တင်ပြတော့ မူကြမ်းအဖြစ်နဲ့ လက်ခံပေးတယ်။ အဲဒီမူကြမ်းကို လာမဲ့ အီးအေအို ထိပ်သီးအစည်းအဝေးမှာ သော်လည်းကောင်း အပစ်ရပ်၊ မရပ် တိုင်းရင်းသား အဖွဲ့တွေ အားလုံးပါဝင်တဲ့ ထိပ်သီးအစည်းအဝေးမှာ အကောင်အထည်ဖော်ဖို့ တင်ပြဖို့ ကျနော်တို့ဆုံးဖြတ်ထားတယ်”ဟု သူက ပြောသည်။

ထို့ပြင် “နိုင်ငံရေးကဏ္ဍကို ဆွေးနွေးရန် အထောက်အကူပြု ကော်မတီ” ကို ဖွဲ့စည်းခဲ့ပြီး ထိုကော်မတီသည် နိုင်ငံရေး ကဏ္ဍဆွေးနွေးမှုကို အထောက်အကူပြု ရန် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေး ပါတီများနှင့် အပစ်မရပ်သေး သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကြိုတင်ဆွေးနွေးမှု များ ပြုလုပ်သွားရန် သဘောတူခဲ့ သည်ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က ပြောသည်။ ထိုကေ်ာမတီကို ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက ခေါင်းဆောင်ဖြစ်ပြီး ပဒိုကွယ်ထူးဝင်း၊ ခွန်ဥက္ကာနှင့် ဦးမျိုးဝင်းတို့ အပါအဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA ) လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ကော်မတီ (PPST)၏ ၁၆ ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း ဖြစ်သည်။

PPST တွင် အပစ်ရပ် အဖွဲ့အစည်းများ ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ DKBA ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC) တို့ ၈ ဖွဲ့မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required