လှိုင်မြို့နယ် လှိုင်သီရိအိမ်ရာ သုံးလောင်းပြိုင် လူသတ်မှု တရားခံဟုယူဆရသူ ဖမ်းဆီးစစ်ဆေးနေ

လှိုင်မြို့နယ် လှိုင်သီရိအိမ်ရာ သုံးလောင်းပြိုင် လူသတ်မှု တရားခံဟုယူဆရသူ ဖမ်းဆီးစစ်ဆေးနေ
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန် နိုဝင်ဘာ ၁၆ ။           ။ ရန်ကုန်၊ လှိုင်မြို့နယ်တွင် ကလေးတစ်ဦး အပါ အဝင် သုံးလောင်ပြိုင်လူသတ်မှုသံသယတရားခံကို ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးရရှိပြီဖြစ် ကြောင်း ကနဦးသတင်းရရှိသည်။

လှိုင်မြို့ နယ်၊ လှိုင်သီရိအိမ်ရာတွင် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး (မိန်းကလေး) အပါအဝင် အမျိုးသမီးသုံးဦးတို့ကို သတ်ဖြတ်သူဟု ယူဆရသူ ကို ဖမ်းဆီးမိပြီး စစ်ဆေးနေသည်ဟု လှိုင်မြို့နယ်၊ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့တွင် မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

" လတ်တလောမှာ တရားခံလို့ယူဆရသူကို မိထား ပါတယ်၊ စစ်ဆေးနေပါတယ်၊ မကြာခင် သတင်း ထုတ်ပြန်ဖို့လည်း စီစဉ်နေကြပါတယ်" ဟု လှိုင်မြို့ နယ်၊ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လှိုင်မြို့နယ်၊ ရဲတပ်ဖွဲ့မှူး၊ ရဲမှူးနေဝင်းကလည်း တရားခံဟုယူဆရသူကို ဖမ်းဆီးစစ်ဆေးနေ ကြောင်း ထပ်မံအတည်ပြုပြောကြားသည်။

လူသတ်မှုဖြစ်ပွားခဲ့သည့်နေရာမှာ လှိုင်မြို့နယ် ( ၉) ရပ်ကွက်ရှိ လှိုင်သီရိအိမ်ရာ တိုက် (၃) ခြောက်လွှာ အခန်း ၅၀၃ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်း တိုက်ခန်းတွင် အပုပ်နံ့များ ထွက်ပေါ်လာသည့် အတွက် ပတ်ဝန်းကျင်ရှိ နေထိုင်သူများက နိုဝင်ဘာ ၁၅ ရက် ညနေ ၆ နာရီခန့််တွင် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့မှ တံခါးဖျက်ဝင်ရောက်ကြည့်ရှုရာမှ နိုဝင်ဘာလ ၁၆ ရက် မနက် ၁ နာရီခန့်က အလောင်းများ ရဲတပ်ဖွဲ့က သယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

လှိုင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက " လှိုင်သီရိက ၃ လောင်းပြိုင်လူသတ်မှုတရားခံဖမ်းမိပါပြီ၊ အသတ် ခံရသူက စားသောက်ဆိုင်မန်နေဂျာ- သတ်တဲ့သူ က waiter ခေါင်းဆောင်-ငွေကိစ္စစကားများရင်းနဲ့ လက်လွန်ပြီး သမီး-အိမ်ဖော်-(၃)ဦးလုံးကိုသတ်ပြီး သော့ပြန်ခတ်သွားတာပါ ဟု သိရှိရပါသည် " ဟု ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့က ၄င်း၏ လူမှုကွန် ယက်စာမျက်နှာတွင် ရေးသားခဲ့ပြီး အဆိုပါ သတင်းအချက်အလက်ကို လှိုင်မြို့နယ်၊ ရဲတပ်ဖွဲ့မှူး၊ ရဲမှူးနေဝင်းထံက ရခဲ့သည်ဟု မဇ္ဈိမသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly