MICA နှင့် ကုမ္ပဏီများ၏ စာချုပ်များသည် ပွင့်လင်းမြင်သာမှုမရှိဘဲ ဘီလီယံချီတန် လုပ်ငန်းအချို့ အခွန်ပေးမှု မတွေ့ရဟု ဆို

MICA နှင့် ကုမ္ပဏီများ၏ စာချုပ်များသည် ပွင့်လင်းမြင်သာမှုမရှိဘဲ ဘီလီယံချီတန် လုပ်ငန်းအချို့ အခွန်ပေးမှု မတွေ့ရဟု ဆို

နေပြည်တော်၊ နိုဝင်ဘာ ၁၆ ။           ။ မြန်မာအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(MICA)နှင့် ကုမ္ပဏီများချုပ်ဆိုခဲ့သည့် စာချုပ်များ သည် ပွင့်လင်းမြင်သာမှုမရှိ ဖြစ်နေကြောင်း အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးပြီး မီဒီယာများကို ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ စာချုပ်တွေ ဆိုရင် ခုနကပြောသလို စာချုပ် ချုပ်ဆိုတဲ့အပိုင်းတွေမှာလည်း ပွင့်ပွင့်လင်းလင်း တိကျမြင်သာတဲ့ ရှင်းလင်းမှုတွေကို ကျွန်တော်တို့ ဖော်ပြထားတာကို မတွေ့ရဘူး။ တစ်ချို့စာချုပ်တွေက ကျွန်တောတို့ ပြန်မေးတဲ့အခါမှာ ကျွန်တော်တို့ ကွဲလွဲမှုတွေ အများကြီး ဖြစ်နေတာကိုတွေ့ရပါတယ်”လို့ ဦးသိန်းဆွေက ပြောသည်။

ထို့ပြင် ကုမ္ပဏီများနဲ့ စာချုပ်ချုပ်ခဲ့စဉ် ကုမ္ပဏီများအား အားသာချက်ပေးခဲ့သော်လည်း ၎င်းကုမ္ပဏီများမှ စာချုပ်များအား လိုက်နာမှု မရှိကြောင်း သိရသည်။

“ အဲ့ဒီကာလက တာဝန်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေကလည်း တကယ်ကိုင်တွယ်မှုတွေမှာလည်း တွံတေးဘက်မှ ငါးမွေးမြူရေးစခန်းတွင်လည်း တစ်ဧကကို တစ်သိန်းဖြင့် ငှားထားပြီး စာချုပ်အရ နောက်လူကို တစ်ဆင့်ငှားရမ်းခြင်း၊ ရောင်းချခြင်း မရှိဟုပါသော်လည်း ထိုသူမှတစ်ဆင့် ထပ်ဆင့် ငှားရမ်းနေတယ်” ဟု ဦးသိန်းဆွေက ပြောသည်။

ထို့ပြင် ဘီလီယံနဲ့ ချီတန်သည့် လုပ်ငန်း အချို့ရှိသော်လည်း နိုင်ငံတော်ကို ပွင့်လင်းမြင်သာစွာနဲ့ ပေးဆပ်သည့် အခွန်များစွာကိုလည်း အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှ စိစစ်ချိန်တွင် မတွေ့ရှိရကြောင်း ၎င်းက ပြောသည်။

“နောက်တစ်ခါ ဒီလိုဆောင်ရွက်တဲ့လုပ်ငန်းတွေကနေပြီးတော့မှကျွန်တော်တို့ရရှိလာတဲ့ အကျိုးအမြတ်တွေကို နိုင်ငံတော်ကို ကျွန်တော်တို့ ပေးသွင်းရမယ့် အခွန်တွေရှိတယ်။ အဲ့အခွန် အရပ်ရပ်တွေကိုလည်း ပေးသွင်းထား တာ ကို ကျွန်တော်တို့မတွေ့ရဘူး။ ဆိုတော့ ဒါတွေဟာကျွန်တော်တို့ တစ်ချို့လုပ်ငန်းကြီးတွေဆိုရင် ဘီလီယံနဲ့ ချီတယ်၊ သိန်းပေါင်းသန်းပေါင်းနဲ့ချီပြီးတော့ လုပ်တဲ့ လုပ်ငန်းကြီးတွေဆိုတော့ ဒါတွေဟာ နိုင်ငံတေ်ာကိုများ မှန်မှန်ကန်ကန်နဲ့ အခွန် တွေဝင်လာမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်အတွက် အများကြီး အကျိုးရှိမယ်။”လို့ ၄င်းက ဆိုသည်။

MICA နှင့်စာချုပ် ချုပ်ဆိုဆောင်ရွက်ခဲ့သည့် ခြံ/စက်ရုံ လုပ်ငန်း၊ စခန်း(၁၁)အား ကွင်းဆင်းစီစစ်ခဲ့သည့် အချက် များကို ခြုံငုံသုံးသပ်ချက်များတွင် စာချုပ်အများစုသည် အစိုးရသစ် တက်ခါနီးမှ အလျင်မြန်ချုပ်ဆိုခဲ့ခြင်း နှင့် အစိုးရသစ် တက်ခါစ အချိန်တိုတွင်းမှာ ချုပ်ဆိုခဲ့ကြောင်း အမျိုးသားလွှတ်တော်သို့ စိစစ်ချက်များ တင်သွင်းရာ တွင် ဦးသိန်းဆွေက ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

Myanmar International Cooperation Agency MICA သည်  စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်း ၀န်ကြီး ဌာန လက်အောက်ရှိ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး လက်ရှိတွင် ၀န်ကြီးဌာနအနေဖြင့် ကိုင်တွယ်ဆောင်ရွက်ရန် တင်ပြခြင်း ဖြစ်သည်ဟု သိရသည်။

“  ဒီ ၀န်ကြီးဌာန အနေနဲ့ ကိုင်တွယ်ဆောင်ရွက်တဲ့ အခါမှာလည်းပဲ ပွင့်လင်းမြင်သာမှုရှိဖို့ စာချုပ်ပါ အချက်တွေဟာ အားနည်းချက်တွေရှိရင် ဒါတွေကို ပြန်ပြီးတော့ ခုနက ပြောသလို ပြန်သုံးသပ်ဖို့၊ ပြန်စီစစ်ဖို့ပါ ” ဟု ဦးသိန်းဆွေက ပြောသည်။

လက်ရှိချိန်တွင် စာချုပ်သက်တမ်းကုန်မှုများ စီစစ်ရန်၊ တင်ဒါလုပ်ထုံးလုပ်နည်းအညီဆောင်ရွက်ရန်၊ စာချုပ်သစ် များ ချုပ်ဆိုပါက နှစ်ဦးနှစ်ဖက်အကျိုးရှိစေရန်များ အား အချိန်မီ ကြားဖြတ်အစီရင်ခံစာတင်ခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required