ဘင်္ဂါလီအကျပ်အတည်းကို လူမျိုးတုန်းသတ်ဖြတ်မှုဟု အမည်တပ်ရန် အမေရိကန် ငြင်းဆို

ဘင်္ဂါလီအကျပ်အတည်းကို လူမျိုးတုန်းသတ်ဖြတ်မှုဟု အမည်တပ်ရန် အမေရိကန် ငြင်းဆို
Photo-EPA-EFE

နိုဝင်ဘာ ၁၆ ။           ။ မြန်မာနိုင်ငံက ဘင်္ဂါလီ (သူတို့အခေါ် ရိုဟင်ဂျာ) အကျပ်အတည်းဟာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ အဓိပ္ပါယ်ချင်း ညီမျှနေတယ်ဆိုပြီး ကုလသမဂ္ဂက ပြောဆိုထားခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်ဘက်ကတော့ သဘောမတူဘဲ ယင်းကိစ္စမှာ သတင်းအချက်အလက် ပိုမိုသိရဖို့ လိုသေးတယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တေလာဆန်က ပြောဆိုသွားပါတယ်။

ယမန်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲလုပ်ဆောင်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တေလာဆန်က ပြောကြားရာမှာတော့ ရခိုင်ပြည်နယ်က အခြေအနေနဲ့ပတ်သက်လို့ လွတ်လပ်ပြီး ပြည့်ဝတဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်သွားဖို့ တောင်းဆိုသွားတယ်လို့ သိရပါတယ်။

" မြန်မာလုံခြံုရေးတပ်တွေက ကျူးလွန်ထားတယ်ဆိုတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတဲ့အပေါ် ကျွန်တော်တို့ များစွာ စိုးရိမ်ပူပန်မိပါတယ်၊ ရခိုင်မှာ ဖြစ်ထားခဲ့သမျှနဲ့ပတ်သက်လို့ ကျွန်တော်တို့ သိထားရသလောက်ထဲမှာတော့ လူသားချင်းစာနာမှုအပေါ် ကျူးလွန်ထားတဲ့အမှုအခင်းဆိုင်ရာ လက္ခဏာရပ်တွေတော့ ပါ၀င်နေပါတယ်" လို့ တေလာဆန်က ပြောပါတယ်။

" ဒီနေရာမှာ လူမျိုးတုန်း သတ်ဖြတ်မှုလို့ သတ်မှတ်ရမယ့် စံနှုန်းတွေနဲ့ကိုက်ညီနေလား ဆိုတာနဲ့ပတ်သက်လို့ ပြောရရင်တော့ ကျွန်တော်တို့ အနေနဲ့ကတော့ ကျွန်တော်တို့ကိုယ်တိုင်ပဲ ဆက်ပြီး စိစစ်လေ့လာဆုံးဖြတ်သွားမှာဖြစ်ပါတယ်" လို့ ကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နောက်ပိုင်းကတော့ မြန်မာဘက်ကနေ ဘင်္ဂါလီ ဒုက္ခသည် ၆၁၅,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားခဲ့ကြတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

ယခုအဖြစ်အပျက်တွေ လက်ရှိအချိန်အခါမှာ ဖြစ်ပျက်နေသော်ငြားလည်း မြန်မာအပေါ် ဆန်ရှင်ချမှတ်ဖို့ မရှိဘူးဆိုပြီး တေလာဆန်က ပြောဆိုသွားပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်လို့ မြန်မာအပေါ် အရေးယူပိတ်ဆို့ဖို့ ၀ါရှင်တန် ပြည်တွင်းမှာပဲ တောင်းဆိုသံ တစ်ချို့ထွက်ပေါ်နေသော်ငြားလည်း ယခုအကျပ်အတည်းကိစ္စမှာ ဆန်ရှင်ချမှတ်ခြင်းက အဖြေတစ်ခု မဟုတ်ကြောင်း တေလာဆန်က ဆိုသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required