အကြမ်းဖက်အဖွဲ့တွေကို ဖမ်းပေးဖို့ ဘင်္ဂလားဒေ့ရှ်ကို မြန်မာတောင်းဆို

အကြမ်းဖက်အဖွဲ့တွေကို ဖမ်းပေးဖို့ ဘင်္ဂလားဒေ့ရှ်ကို မြန်မာတောင်းဆို

နေပြည်တော်(နိုဝင်ဘာ ၁၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ အကြမ်းဖက်အဖွဲ့အစည်းများ တိုက်ဖျက်ရေးအပါအဝင် မူးယစ်ဆေးဝါးပြဿနာများ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ပြဿနာများကို နှစ်နိုင်ငံ ပူးပေါင်းပြီး တားဆီးနှိမ်နင်းသွားရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များက ပူးတွဲသတင်းထုတ်ပြန်လိုက်သည်။

စတုတ္ထအကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား လုံခြံုရေးနှင့်တရားဥပဒေစိုးမိုးရေး ဗဟိုအဆင့််အစည်းအဝေးအား နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ယမန်နေ့က ကျင်းပပြီးလုပ်ခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ပူးတွဲသတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“အစည်းအဝေးအပြီးတွင် မြန်မာနိုင်ငံဘက်မှ ARSA အကြမ်းဖက်အဖွဲ့အစည်းနှင့် ပတ်သက်၍ နောက်ဆုံးရရှိထားသည့် သတင်းအချက်အလက်များ၊ ဖော်ထုတ်ဖမ်းဆီးပေးရမည့် အကြမ်းဖက်သမား တရားခံပြေးများ အမည်စာရင်းများကို ဓာတ်ပုံမှတ်တမ်းနှင့်တကွ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ပြီး အမြန်ဆုံး စုံစမ်းဖော်ထုတ် လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ပါသည်” ဟု အဆိုပါ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 “ကျွန်တော်တို့ဘက်က ရရှိထားတဲ့ အကြမ်းဖက်စာရင်းတွေကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကလာတဲ့ အဖွဲ့ခေါင်းဆောင်ကို တရားဝင် လွှဲပြောင်းပေးပါတယ်။ သူတို့ဘက်ကနေလည်း ဒီဟာတွေကို သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး အကြမ်းဖက်အဖွဲ့အစည်းတွေကို ဖမ်းဆီးရမိရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိပါတယ်။ ရှေ့လျှောက်လည်း အောက်ခြေမှာ ထိတွေ့မှု တော်တော်များများ လုပ်ပြီးတော့ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ငန်းစဉ်တွေကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင််ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Mr. Abul Hossain, ndc, psc, P Eng ဦးဆောင်သည့် အဖွဲ့သည် အစည်းအဝေး မစတင်မီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် အောင်ဝင်းဦး အပါအဝင် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့်လည်း တွေ့ဆုံခဲ့သေးသည်။

ပူးတွဲထုတ်ပြန်ချက်တွင် နှစ်ဖက်သဘောတူညီချက် စုစုပေါင်း ၉ချက်ပါရှိပြီး “နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသော မှုခင်းဆိုင််ရာ ပြဿနာများ တရားခံပြေးများ၊ ARSAနှင့် အခြားသော အကြမ်းဖက်အဖွဲ့အစည်းများ တိုက်ဖျက်ရေးကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ARSA နှင့် အခြားသော အကြမ်းဖက်အဖွဲ့အစည်းများ၊ တရားခံပြေးများ ဖမ်းဆီးဖော်ထုတ်ရေး၊ သတင်းအချက်အလက်များ ဖလှယ်ရေးတို့အတွက် သီးခြားဆက်သွယ်မှု စနစ်တစ်ခု ထူထောင်ရန်” လည်း တစ်ချက် အပါအဝင် ဖြစ်သည်။

ထို့ပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဆက်ဆံရေးရုံးများ ထူထောင်ခြင်းတွင် မြန်မာနိုင်ငံဘက်မှ မောင်တောတွင် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ တက်ကနက်တွင် လည်းကောင်း ယခုနှစ်ကုန်တွင် နောက်ဆုံးထား၍ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်လည်း သဘောတူထားကြသည်။

နှစ်နိုင်ငံ နယ်စပ်အား တရားမဝင် ဖြတ်ကျော် ဝင်ရောက်မှုများနှင့်ပတ်သက်၍လည်း “သတင်းအချက်အလက်ဖလှယ်ခြင်းနှင့် တားဆီးနှိမ်နင်းရေးကို စံလုပ်ငန်းစဉ် တစ်ရပ် ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရန်” ဟု ပူးတွဲထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဖြတ်ကျော်ဝင်ရောက်လာသူများမှာ အရေအတွက်အားဖြင့် ၆သိန်းကျော်ရှိနေပြီး ၎င်းတို့ကို အမြန်ဆုံး ပြန်ခေါ်ရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Abul Hossain, ndc, psc, P Eng က အစည်းအဝေးတွင် တောင်းဆိုခဲ့သေးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags