မက်ဆီနှင့် ဘာစီလိုနာတို့ စာချုပ်သစ် ချုပ်ဆိုပြီးပြီဟု လာလီဂါဥက္ကဋ္ဌ ထုတ်ဖော်

မက်ဆီနှင့် ဘာစီလိုနာတို့ စာချုပ်သစ် ချုပ်ဆိုပြီးပြီဟု လာလီဂါဥက္ကဋ္ဌ ထုတ်ဖော်

နိုဝင်ဘာ ၁၅၊ စပိန် ။             ။ မက်ဆီမှာ ဘာစီလိုနာအသင်းနှင့် စာချုပ်သစ် ချုပ်ဆိုပြီးပြီဖြစ်ကြောင်း လာလီဂါဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ်က ထုတ်ဖော် ပြောဆိုလိုက်သည်။

မက်ဆီ၏ လက်ရှိစာချုပ်သက်တမ်းမှာ လာမည့်နွေရာသီတွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ အမျိုးမျိုးပြောဆိုခဲ့မှုများ ရှိခဲ့သည်။ ဘာစီလိုနာအသင်းမှ နေမာ ထွက်ခွာသွားပြီးနောက်တွင် မက်ဆီ၏ကောလာဟလ သတင်းများ ပိုမိုထွက်ပေါ်ခဲ့သည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူနှင့် မက်ဆီ၏ဖခင်တို့မှာ စာချုပ်သစ်တွင် လက်မှတ်ရေးထားပြီးပြီဖြစ်ပြီး မက်ဆီသာ လက်မှတ်ရေးထိုးရန် ကျန်တော့သည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။ လာလီဂါဥက္ကဋ္ဌတီဗက်ဇ်ကမူ မက်ဆီသည်လည်း စာချုပ်သစ်တွင် လက်မှတ်ရေးထိုးပြီးပြီဟု ယုံကြည်နေသည်။

တီဘက်စ်က မက်ဆီနှင့်ဘာစီလိုနာတို့မှာ တရားဝင်စာချုပ် ချုပ်ဆိုပြီးပြီဖြစ်ပြီး တရားဝင်သာ ထုတ်ပြန်ကြေညာမှု မပြုသေးခြင်းဖြစ်ကြောင်း ဆိုသည်။

ဘာစီလိုနာအသင်း၏ စီအီးအို အော်စကာဂရက်ကလည်း မက်ဆီမှာ အသင်း၏အမှတ်အသားဖြစ်သည့်အတွက် အင်နီယေစတာကဲ့သို့ ဘဝတစ်သက်တာစာချုပ် ချုပ်ဆိုလိမ့်မည်ဟု ပြောဆိုထားသည်။

ရည်ညွှန်း မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required