ရခိုင်ပြည်နယ်အရေး ပုံမှန်နည်းဖြင့်ဖြေရှင်း၍မရဟု UEHRD ဆို

ရခိုင်ပြည်နယ်အရေး ပုံမှန်နည်းဖြင့်ဖြေရှင်း၍မရဟု UEHRD ဆို

ရန်ကုန်၊နိုဝင်ဘာ၁၅ ။             ။ ရခိုင်ပြည်နယ်အရေး ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတကာမှ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ပုံမှန်နည်းလမ်းဖြင့်ဆောင်ရွက်၍မရဘဲ ယန္တယားအသစ်ဖွဲ့စည်းဆောင်ရွက်ရကြောင်း ရခိုင်ပြည်နယ်အတွင်း လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပ့ံပေးရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း(UEHRD ၏ သတင်းအချက်အလက်နှင့်ဆက်ဆံရေး ညွှန်ကြားရေးမှူး ဦးကျော်မြိုင်က ပြောသည်။

ရခိုင်အရေးပေါ် နိုင်ငံတကာမှ စွပ်စွဲပြစ်တင်မှုများရှိနေပြီး လူမျိုးတုန်းသတ်ဖြတ်ခြင်း၊ လူမျိုးစုရှင်းလင်းခြင်း စသည့် အသုံးအနူန်းများကိုအသုံးပြုကာ နိုင်ငံတကာအစိုးရအဖွဲ့၊ လူပုဂ္ဂိုလ်များက စွပ်စွဲမှုများရှိနေသည်။

ထို့အပြင် တပ်မတော်အနေဖြင့် အဓမ္မပြုကျင့်ခြင်း၊ ရွာများမီးရှို့ခြင်း၊ လူ့အခွင့်အရေးနှင့်ပတ်သတ်၍ချိုးဖောက်ခြင်း စသည်တို့ကိုလည်း စွပ်စွဲမှုများရှိခဲ့သည်ဟု ဦးကျော်မြိုင်က ပြောသည်။

"ဒီပြဿနာကို သာမန်ရိုးကျဖြေရှင်းလို့မရတော့ဘူး ဒေါ်အောင်ဆန်းစုကြည်စကားနဲ့ပြောရမယ်ဆိုရင် ယန္တရားအသစ်တစ်ခုလိုတယ် ဝန်ကြီးဌာနတွေအားလုံးပေါင်းပြီးတော့လုပ်လို့မရဘူး ။ ကုမ္ပဏီတွေအားလုံးပေါင်းပြီးတော့လုပ်လို့လည်းမရဘူး။ ဥပမာစီးပွားရေးကဏ္ဍမှာဆို P to P ရှိပါတယ် Private Public Partnership PPP နဲ့လည်းမရဘူး"ဟု UEHRD၏ သတင်းအချက်အလက်နှင့်ဆက်ဆံရေး ညွှန်ကြားရေးမှူး ဦးကျော်မြိုင်က ပြောပြသည်။

၄င်းကိစ္စရပ်ဖြေရှင်းရန် ယန္တယားအသစ်တွင် မြန်မာနိုင်ငံရှိ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုလသမဂ္ဂလက်အောက်ရှိ ကုလသမဂ္ဂဖွံဖြိုးရေးအစီစဉ်(UNDP)နှင့် UNICEF၊ UNHCR အစရှိသည့် Agenciesများမှလည်း အကူအညီရယူကာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သည်။

ထို့ကြောင့် လူသားချင်းစာနာတဲ့အကူအညီပေးရေး၊ ဘင်္ဂလားဒေရှ်ရောက် ဒုက္ခသည်များပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစသည့်ရည်ရွယ်ချက်များပါဝင်သည့် UEHRDကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဦးကျော်မြိုင်က ဆိုသည်။

UEHRDနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံရုံးများမှ တုန့်ပြန်ဆောင်ရွက်မှုအနေဖြင့် ပါဝင်လှူဒါန်းမှုများ ရှိနေသည်ဟု ဦးကျော်မြိုင်မှဆိုသည်။

နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လှူဒါန်းမှုများအပြင် ဖွံ့ဖြိုးရေးလုပ်ငန်းများလည်း ဆောင်ရွက်နိုင်သည်ကို မျှော်လင့်ထားကြောင့် ၄င်းမှ ဆက်ပြောသည်။

UEHRD အနေဖြင့် ရခိုင်ပြည်နယ်အရေးအတွက် ဆောင်ရွက်မှုများကို ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များမှ အလှူငွေများလက်ခံရယူခဲရာ အမေရိကန်ဒေါ်လာ (၁၃)သန်းအထိ လက်ခံရရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပ့ံပေးရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း(UEHRD) တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌ၊ ဒုတိယဥက္ကဌအနေဖြင့် လူမှုရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ညှိနိူင်းရေးမှူးချုပ်အနေဖြင့် ပါမောက္ခဒေါက်တာအောင်ထွန်းသက်နှင့် သတင်းအချက်အလက်နှင့်ဆက်ဆံရေး ညွှန်ကြားရေးမှူး ဦးကျော်မြိုင်တို့ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly