သိန်းပေါင်း နှစ်သောင်းနီးပါး တန်ဖိုးရှိ မူးယစ်ဆေးများ ဘူးသီးတောင်တွင် စံချိန်တင်ဖမ်းမိ

သိန်းပေါင်း နှစ်သောင်းနီးပါး တန်ဖိုးရှိ မူးယစ်ဆေးများ ဘူးသီးတောင်တွင် စံချိန်တင်ဖမ်းမိ

ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ။            ။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်းနီးပါးကို နိုဝင်ဘာ ၁၃ ရက်နေ့က စံချိန်တင်ဖမ်းဆီးရမိခဲ့သည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးသောင်းငွေက မဇ္စျိမသို့ ယနေ့ပြောသည်။

ကာလတန်ဖိုး မြန်မာကျပ်ငွေ သိန်းပေါင်း တစ်သောင်း ကိုးထောင် ငါးရာ တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခြင်းသည် ယခုနှစ်အတွင်း အများဆုံးဖြစ်သည်ဟုလည်း ၄င်းက ဆိုသည်။

"ဒီနှစ်ထဲမှာတော့ ဖမ်းမိတာ အများဆုံးပဲ။ ဆေးပြားအရေအတွက်က ၉၇၅,၀၀၀ ဆိုတော့ တစ်သန်းနီးပါးပေါ့" ဟု ရဲမှူးသောင်းငွေက ဆိုသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မောင်တောသည် စိတ်ကြွရူးသွပ်ဆေးပြားများ အဓိက ရောင်းဝယ်ရာဖောက်ကားရာ လမ်းကြောင်းဖြစ်နေပြီး မကြာခဏဆိုသလို ဖမ်းဆီးရမိမှုများလည်း ရှိနေသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်သည့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ၌ "မောင်တောဒေသ၌ ၂၀၁၆ ခုနှစ်မှစ၍ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှု ပမာဏများပြားလာပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှု လမ်းကြောင်းဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်" ဟု ထည့်သွင်းရေးသားထားသည်။

ပြီးခဲ့သည့်နှစ် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက  မောင်တောရှိ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်(ကျီးကန်းပြင်) ၊ ငါးခူရနယ်မြေရဲစခန်းနှင့် ရဲကင်းများ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီး အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များ မဖြစ်ပွားမီ မောင်တောဒေသ၌ စိတ်ကြွရူးသွပ်ဆေးပြားများ အမြောက်အများ ဖမ်းဆီးရမိမှုများ ရှိနေခဲ့သည်။

ယင်းသို့ ဖမ်းဆီးမှုများကြောင့် စီးပွားရေးအရ နစ်နာဆုံးရှုံးသူများနှင့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ပတ်သက်နိုင်ဖွယ်ရှိနေသည်ဟု မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်ကအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထား သည်။

ယခုနှစ်၂ဝ၁၇ ခုနှစ် ပထမခြောက်လတာကာလအတွင်း၌လည်း မောင်တောခရိုင်တွင် မူးယစ်ဆေးဝါးအမှုပေါင်း ၁၃ မှုနှင့် စိတ်ကြွမူးယစ်ဆေးပြား အရေအတွက် ၅၂ သိန်းကျော် သိမ်းဆည်းရမိခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly