ဇင်ဘာဘွေ မြို့လယ်တွင် ပစ်ခတ်သံများကြားရပြီး ၀ရုန်းသုန်းကားအခြေအနေဖြစ်နေ၊ အာဏာသိမ်းခြင်း မဟုတ်ကြောင်း စစ်တပ်ထုတ်ပြန်

ဇင်ဘာဘွေ မြို့လယ်တွင် ပစ်ခတ်သံများကြားရပြီး ၀ရုန်းသုန်းကားအခြေအနေဖြစ်နေ၊ အာဏာသိမ်းခြင်း မဟုတ်ကြောင်း စစ်တပ်ထုတ်ပြန်

 

နိုဝင်ဘာ ၁၅ ။              ။ ဇင်ဘာဘွေနိုင်ငံ မြို့တော် ဟာရာရီတွင် နိုဝင်ဘာ ၁၅ ရက် အစောပိုင်းက ကျယ်လောင်သော ပေါက်ကွဲသံများ၊ သေနတ်သံများ ထွက်ပေါ်နေခဲ့သည်ဟု သိရပြီး လမ်းများပေါ်တွင်လည်း သံချပ်ကာ ကားများနှင့် စစ်သားများ လှည့်လည်နေသည်ကို တွေ့နေရသည်ဟု သတင်းများအရ သိရသည်။

ယင်းနေ့ အစောပိုင်းနာရီများအတွင်းကလည်း စစ်တပ်က နိုင်ငံပိုင်အသံလွှင့်ဌာနကို ၀င်ရောက်သိမ်းပိုက်ကာ တိုက်ရိုက်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

လက်ရှိအခိုက်အတန့် ဖြစ်ပျက်နေမှုများမှာ နိုင်ငံကို စစ်အာဏာသိမ်းလိုက်ခြင်း မဟုတ်ဘဲ လက်ရှိ သမ္မတ ရောဘတ် မူဂါဘီ ရဲ့ အနားမှာ ရှိနေတဲ့ ရာဇဝတ်မှုဖောက်ဖျက်သူတွေကို ပစ်မှတ်ထား ရှင်းလင်းဖို့ စစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ကြောင်း စစ်တပ်က ယင်းအသံလွှင့်ဌာနကနေတဆင့် တိုက်ရိုက်ကြေညာသွားခဲ့သည်။ သမ္မတ မူဂါဘီမှာ လက်ရှိအချိန်တွင် ဘေးကင်းလုံခြံုသည့်နေရာတွင် ရှိနေသည်ဟု စစ်တပ်က ပြောသည်။

" ခုဖြစ်နေတာတွေက စစ်တပ်အာဏာသိမ်းလိုက်တာ မဟုတ်ပါဘူး၊ ပြည်သူတွေကို ပြောပြချင်တာက သမ္မတနဲ့ သူ့ မိသားစုဘေးကင်းတဲ့နေရာမှာ ရှိနေပါတယ်၊ ခုလုပ်နေတာက သမ္မတရဲ့ အနီးအနားမှာ ရှိနေတဲ့ ရာဇဝတ်သမားတွေကို ရှင်းထုတ်ဖို့ လုပ်နေတာပါ၊ ဒီစစ်ဆင်ရေးပြီးတာနဲ့တစ်ပြိုင်နက် အခြေအနေ ပြန်တည်ငြိမ်လာပါလိမ့်မယ်" ဆိုပြီး စစ်တပ်ဗိုလ်ချုပ်ကြီးတစ်ဦးက ထုတ်ပြန်ပြောကြားသွားသည်။

စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကွန်စတန်တီနို ချီဝမ်ဂါဟာ နိုင်ငံတော်သစ္စာဖောက်ရန် ကြံစည်နေပြီဖြစ်ကြောင်း အာဏာရပါတီ ZANU-PF ပါတီက ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ဖော်စွပ်စွဲလိုက်ပြီးနောက် အပြန်အလှန်တင်းမာမှုများပေါ်ပေါက်လာခဲ့ကာ ယခုကဲ့သို့ ပစ်ခတ်ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ယခုကဲ့သို့ အာဏာရပါတီနှင့်စစ်တပ်အကြား တင်းမာမှုများ အရှိန်မြင့်လာခဲ့ပြီး နိုင်ငံ၏လမ်းများပေါ်တွင်လည်း စစ်တပ် သံချပ်ကာ ယာဉ်များ တွေ့လာရသည့်အချိန်တွင် နိုင်ငံကို ၁၉၈၀ ကတည်းက အုပ်ချုပ်နေခဲ့တဲ့ အသက် ၉၃ နှစ်အရွယ် သမ္မတ မူဂါဘီ အာဏာသိမ်းခံလိုက်ရပြီလားဆိုသည့် မေးခွန်းများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လက်ရှိအခြေအနေရ နိုင်ငံမှာ အာဏာသိမ်းခြင်း မရှိကြောင်း စစ်တပ်က ထုတ်ပြန်ထားခဲ့သော်လည်း ပြီးခဲ့တဲ့သီတင်းပတ်များအတွင်းကမူ သမ္မတ မူဂါဘီနှင့် စစ်တပ်တို့အကြား သဘောကွဲလွဲမှုများလည်း ထွက်ပေါ်ထားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က သမ္မတ မူဂါဘီက ဒုသမ္မတဖြစ်သူ အီမာဆန် အမ်နန်ဂါ၀ါကို ရာထူးကနေ ထုတ်ပယ်လိုက်မှုအပေါ် စစ်တပ်ဘက်က သဘောမတွေ့ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ အဆင့်မြင့်တာဝန်ရှိသူတွေကို ဖြုတ်ထုတ်နေမှုများ ရပ်ဆိုင်းဖို့ ကိုလည်း သမ္မတကို စစ်တပ်က တောင်းဆိုခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required