အင်ဒိုနီးရှားတွင် ဝေလငါးများ သောင်တင်ရာ ခြောက်ကောင်ကယ်ဆယ်နိုင်ပြီး လေးကောင် သေဆုံး

အင်ဒိုနီးရှားတွင် ဝေလငါးများ သောင်တင်ရာ ခြောက်ကောင်ကယ်ဆယ်နိုင်ပြီး လေးကောင် သေဆုံး

 

ဂျကာတာ၊ နိုဝင်ဘာ ၁၅ ။             ။ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဆူမတြားကျွန်းတွင် သောင်ပြင်သို့ ဦးခေါင်းမှ ဖယောင်းပါသော ဆီတစ်မျိုး ထုတ်ယူရသော ဝေလငါးမျိုးဖြစ်သည့် စပန်းဝေလငါး ဆယ်ကောင် သောင်တင်လာ၍ ကယ်ဆယ်ရာ ခြောက်ကောင်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှား ပင်လယ်ရေပြင်ရေးရာဌာနက နိုဝင်ဘာ ၁၄ ရက်တွင် ပြောသည်။

အာချီပြည်နယ် အူဂျုံးကာရန်ကမ်းခြေတွင် သောင်လာတင်သော ဝေလငါးများကို ရေတပ်၊ ရဲတပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်နှင့်အတူ စေတနာ့ဝန် ပြည်သူများက ဝိုုင်းဝန်းကယ်ဆယ်ကြရာတွင် နိုဝင်ဘာ ၁၃ ရက် နံနက်မှစကာ နိုဝင်ဘာ ၁၄ ရက်တွင်မှ အပြီးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ကယ်ဆယ်လွှတ်ပေးခဲ့တဲ့အထဲက တစ်ကောင်ဟာ ဒဏ်ရာရထားပြီး တော်တော်လေး နာမကျန်းတာကြောင့် ကမ်းစပ်ကို ပြန်ရောက်လာတယ်။ ခုထိ လေးကောင် သေဆုံးတယ်။”ဟု ယင်းဌာနအကြီးအကဲ ဘာဆရီက EPA သတင်းဌာနသို့ ပြောသည်။

ပင်လယ်ထဲ ပြန်လွှတ်ပေးကာ ကယ်ဆယ်ခဲ့သည့် ဝေလငါးများ ကမ်းသို့ ပြန်ရောက်မလာခြင်း ကျိန်းသေစေရန် စောင့်ကြည့်နေေကြောင်းလည်း ၎င်းက ဆိုသည်။

ဝေလငါးလေးကောင် သေဆုံးရခြင်း အကြောင်းရင်းကို ရင်ခွဲစစ်ဆေးပြီးမှ သိနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စပန်းဝေလငါးများသည် ကမ္ဘာ့အကြီးဆုံး နို့တိုက်သတ္တဝါများတွင် ပါဝင်ပြီး တစ်ခါတစ်ရံ အထီးတစ်ကောင်၏ အလျားသည် ၁၅ မီတာအထိ ပျမ်းမျှ ရှည်လျားကာ ကိုယ်ချိန်အားဖြင့်လည်း ၃၆ တန်ခဲ့ရှိပြီး ကမ္ဘာတွင် ဦးနှောက်အင်္ဂါအကြီးဆုံး သက်ရှိတိရိစ္ဆာန်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly