လှသထက်လှစေဘို့

အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် အလှအပကိုတော့ နှစ်သက်ကြတာ ဘယ်သူမှ မငြင်းနိုင်ကြပါဘူး ။ အလှအပဆိုတာ တကယ်တန်းမှာ တစ်ကိုယ်လုံးနဲ့ပတ်သက်နေတာဖြစ်ပေမယ့် အများစုကတော့ မျက်နှာ လောက်ကိုပဲ အလေးထားကြတာများပါတယ် ။ မျက်နှာနဲ့ပတ်သက်ပြီးတော့လည်း ပြင်ကြဆင်ကြ အလှအပ တွေကိုဖန်တီးကြပါတယ် ။မျက်နှာမှာအမဲစက်ကလေးတွေ ဖြစ်နေတယ်ဆိုပါတော့ အဓိက အမဲစက်က သုံးမျိုး ရှိပါတယ် ၊ မှဲ့ခြောက်ကလေးတွေလား ၊ တင်းတိပ်ဖြစ်တာလား ၊ နေလောင်ကွက်ကလေးတွေလား ဆိုတာပါပဲ ။  ဘယ်ဟာပဲဖြစ်ဖြစ် ဒီသုံးမျိုးစလုံးဟာ နေရောင်ခြည်ကြောင့် ဖြစ်တာပဲဖြစ်ပါတယ် ။

မှဲ့ခြောက်ဆိုတာက မျက်နှာပေါ်မှာ အစက်အပြောက်သေးသေးလေး ၊ ထင်းထင်းလေး ဖြစ်နေတယ်ဆိုရင် မှဲ့ခြောက်လို့ခေါ်ပါတယ် ။ အဲဒီမှဲ့ခြောက်က အဓိက မျိုးရိုးဗီဇကြောင့်ဖြစ်တာပါ ။ နေပူထဲသွားတာခြင်း အတူတူ မျိုးရိုးဗီဇ မပါရင်မဖြစ်ဘူး ၊ မျိုးရိုးဗီဇပါလာရင်တော့ ဖြစ်မှာပဲဖြစ်ပါတယ် ။ ခုခေတ်မှာတော့ မှဲ့ခြောက်တွေ မျက်နှာမှာ ဖြစ်လာရင် ကုရတာသိပ််မခက်ပါဘူး ၊  ကုရတာအရမ်းကိုလွယ်ပါတယ် ။ လေဆာကုထုံးနဲ့ကုသရင် ပျောက်ပါတယ် ။ လေဆာနဲ့ တစ်ခါ နှစ်ခါလောက် ပစ်လိုက်ရင် ပျောက်သွားပါတယ် ။ ပျောက်တယ်ဆိုတာ ရှိပြီးသား မှဲ့ခြောက်လေးတွေပျောက်သွားတာပဲဖြစ်ပါတယ် ။ မျိုးရိုးဗီဇရှိတယ်ဆိုရင်  နေပူထဲသွားရင် ပြန်ဖြစ်နိုင်တဲ့ အခြေအနေက ရှိနေပြန်ပါတယ် ။ နဂိုရှိပြီးသားတွေက လေဆာနဲ့ကုလိုက်လို့ ပျောက်သွားပေမယ့် နေပူထဲသွားရင် အသစ်ပြန် ထွက်နိုင်ချေ ရှိတယ်လို့ ဆိုလိုရင်းဖြစ်ပါတယ် ။ အသစ်ပြန်ထွက်တာ မထွက်တာ ကိုတော့ နည်းပါးအောင်လို့ ကတော့ နေလောင်ခံဆေး သေသေချာချာ ဂရုတစိုက်လိမ်းမယ်ဆိုရင်တော့ မှဲ့ခြောက်ထွက်တာကို ကာကွယ်ပေးနိုင်ပါတယ် ။လေဆာဆိုတာက မှဲ့ခြောက်တွေကို ပျောက်သွားအောင်ကုသ လို့ရပေမယ့် အသစ်ထပ်ထွက်တာကိုတော့ မတားဆီးနိုင်ပါဘူး ။မြန်မာ့ သနပ်ခါးလိမ်းရင် တချို့ကမှဲ့ခြောက်တွေ ပိုဖြစ်တယ်လို့ ပြောကြတာမမှန်ပါဘူး ။ အသားခြောက်တယ်ဆိုတာတာ့ ဟုတ်ပါတယ် ၊ သနပ်ခါးလိမ်းတာဟာ နေရောင်ခြည်ကိုတော့ အတိုင်းအတာ တစ်ခု အနေနဲ့ ကာကွယ်ပေးတဲ့အခါ နေလောင်ခံဆေးလို့ ပြောရင် တောင်ရပါတယ် ။

တချို့က လေဆာနဲ့ကုတာ လေဆာပစ်တာဟာ မှဲ့ခြောက်တွေပျောက်သွားပေမယ့် အသားပါးသွားတယ် ၊ အသားပိုမဲသွားတယ် ၊ ကင်ဆာဖြစ်နိုင်တယ် စသဖြင့် ပြောကြတာတွေရှိပြီး တကယ်တန်မှာတော့ မဟုတ်ပါဘူး ။ အရေပြားကုဆရာဝန်တွေဟာ နိုင်ငံတကာကျင့်ဝတ်နဲ့အညီ ကုသရတာဖြစ်လို့ အန္တရယ်ရှိအောင်တော့ လုပ်မှာ မဟုတ်ပါဘူး၊ အန္တရယ်မရှိဘူးဆိုတာ သေချာပါတယ် ။ မှဲ့ခြောက်ကလေးတွေကို လေဆာနဲ့ပစ်တယ်ဆိုတာ အပေါ်ယံခပ်ပါးပါးလေးကိုပဲ မှဲ့ခြောက် နေရာလေး တည့်တည့်ကိုပဲပစ်တာဖြစ်ပါတယ် ။ ဂရုစိုက်ရမှာက လေဆာပစ်ပြီး နှစ်ပတ်လောက် နေပူထဲ မထွက်သင့်ပါဘူး ၊အကယ်၍ ထွက်မယ်ဆိုရင်လည်း နေလောင်ခံဆေး လိမ်းပြီး ထွက်လို့ရပါတယ် ၊ အရေပြားက တစ်သက်လုံး အထိမခံ ရွှေပန်းကန်မျိုး ဖြစ်သွားတာတော့ မဟုတ်ပါဘူး ။

တင်းတိပ်ကတော့ မှဲ့ခြောက်နဲ့မတူတာက မျိုးရိုးဗီဇကြောင့်ဖြစ်တာ မဟုတ်ဘဲ နေရောင်ခြည်ကြောင့် ဖြစ်တာ ဖြစ်ပါတယ် ။ သူက ဟော်မုန်းကြောင့် ဖြစ်တာပိုများပါတယ် ။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့ အရွယ်နဲ့ သွေးဆုံးတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ် ။ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တတ်ပါတယ် ။ ကိုယ်ဝန်တား ဆေးတွေ သောက်တဲ့အချိန်မှာ ဖြစ်တတ်ပါတယ် ၊နေရောင်ခြည် ခပ်ပြင်းပြင်းထိတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ် ။ ဖြစ်ပြီဆိုရင် ကုရတာ အင်မတန်ခက်ပါတယ် ၊ကံကောင်းတဲ့သူတချို့ကတော့ တင်းတိပ်တွေဖြစ်ပြီး သူ့ဟာ သူပဲ ပျောက်သွားတတ်ကြပါတယ် ။ လေဆာနဲ့ကုလို့ရတယ်ဆိုပေမယ့် ဟော်မုန်းအများကြီးပါနေတဲ့ အတွက်ကြောင့် သက်သာအောင်ပဲလုပ်လို့ရပါတယ် ။ အခန့်မသင့်ရင်ပြန်ထွက်နိုင်ပါတယ် ။ ဆိုင်တချို့နဲ့ အွန်လိုင်းမှာ တင်းတိပ် ပျောက်ဆေးဆိုပြီးရောင်းနေတာတွေရှိပါတယ် ။အဲဒါတွေက ခဏလေးတော့သက်သာ သွားမယ် ပျောက်သွား မယ် ။ ဆေးဖြတ်လိုက်ရင် ပိုဆိုးသွားနိုင်တဲ့အဆင့်တွေရှိပါတယ် ၊ ဘာလို့လည်းဆိုတော့ အဲဒီဆေးတွေမှာ စတီးရှိုက် တွေပါပါတယ် ။သူက အရေပြားကို ပါးစေတယ် ၊ သွေးကြောလေးတွေကို ပွစေတယ် ၊ ၀က်ခြံတွေထွက်တယ် ၊ အဲဒါတွေကိုတော့ သိထားဘို့လိုပြီး လှချင်ပချင်တဲ့သူတွေအတွက် သတိထားနိုင်ဘို့ ဆင်ခြင်နိုင်ဘို့နဲ့ ဆေးပညာ ဗဟုသုတပွားစေရန် အလို့ငှာ ရည်ရွယ်ပါကြောင်း ။     ။

သန့်ဇော် ( သန်လျင် )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly