မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက်မှု အပါအဝင် ကိစ္စတစ်ချို့ကို ပူးပေါင်းတိုက်ဖျက်ဖို့ ဘင်္ဂလားဒေ့ရှ်ပြော

မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက်မှု အပါအဝင် ကိစ္စတစ်ချို့ကို ပူးပေါင်းတိုက်ဖျက်ဖို့ ဘင်္ဂလားဒေ့ရှ်ပြော
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်မှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ABUL HOSSAIN(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၁၄ရက်၊ ၂၀၁၇ခုနှစ်)။ ။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်သလို ဘုံရန်သူကို တားဆီး၊ နှိမ်နင်း၊ တိုက်ဖျက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်မှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ABUL HOSSAIN က ပြောကြားလိုက်သည်။

“မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စတွေ၊ အကြမ်းဖက်မှုတွေ၊ မှောင်ခိုမှုတွေ၊ နိုင်ငံဖြတ်ကျော်မှုခင်းတွေနဲ့ အခြား အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားနေတဲ့ ကိစ္စရပ်တွေကို ကျွန်တော်တို့ ပူးပေါင်းပြီး တိုက်ဖျက်ဖြေရှင်းရမှာ ဖြစ်ပါတယ်” ဟု ABUL HOSSAIN က ပြောသည်။

နေပြည်တော်တွင် နိုဝင်ဘာ ၁၄ရက်၊ မွန်းလွဲပိုင်းက ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား လုံခြံုရေးနှင့်တရားဥပဒေစိုးမိုးရေး ဗဟိုအဆင့််အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဘက်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော်ပြီး ထွက်ခွာလာသူများကို အမြန်ဆုံး ပြန်လည်ခေါ်ယူရန်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုခဲ့သေးသည်။

“ကျွန်တော်တို့ အနေနဲ့ အခွင့်အခါသင့်ခိုက် တောင်းဆိုလိုတာက ဒီလိုမျိုး ထွက်ခွာနေတဲ့ ကိစ္စရပ်တွေကို အမြန်ဆုံး ရပ်တန့်ပေးဖို့ရယ်၊ နောက်ပြီးတော့ ရောက်ရှိလာကြတဲ့ လူတွေကို အမြန်ဆုံး ပြန်လည်ပြီးတော့မှ ခေါ်ယူပေးဖို့အတွက်ကို တင်ပြလိုပါတယ်” ဟု ABUL HOSSAIN က အစည်းအဝေးတွင် ထည့်သွင်းပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာမှုမှာ အရေအတွက်အားဖြင့် ခြောက်သိန်းကျော် ရှိနေပြီဟု ခန့်မှန်းရကြောင်းနှင့် ထိုသို့ ဝင်ရောက်လာမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်းလည်း ABUL HOSSAIN က ပြောသည်။

ထို့ပြင် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကား သယ်ဆောင်နေမှုများကို အမြန်ဆုံး ပူးပေါင်းတိုက်ဖျက်ကြရန်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က အဆိုပြုခဲ့သည်။

“မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာကိစ္စနဲ့ စပ်လျဉ်းပြီး တင်ပြရမယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံဘက်က ရာမတွေ၊ စိတ်ကြွဆေးတွေ ကျွန်တော်တို့နိုင်ငံက်ကို ဝင်နေတဲ့ ကိစ္စကို ပူးပေါင်းပြီးတော့ အဖြေရှာရမှာ ဖြစ်ပါတယ်” ဟု ABUL HOSSAIN က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း နှစ်နိုင်ငံနယ်စပ်ဒေသအကြား ဖြစ်ပေါ်နေသည့် ပြဿနာများကို အိမ်နီးချင်းနိုင်ငံကောင်းပီသစွာဖြင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ညှိနှိုင်းဖြေရှင်းသွားရန် ပြင်ဆင်ထားသည်ဟု ယနေ့ အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ် အကြီးအကဲက ပြောကြားသည်။

ယနေ့ ပြုလုပ်သည့် အစည်းအဝေးတွင် ဆွေးနွေး၊ ညှိနှိုင်းမှုများနှင့်ပတ်သက်ပြီး မနက်ဖြန် အောက်တိုဘာ ၁၅ရက် နံနက်ပိုင်းတွင် နှစ်နိုင်ငံ ပူးတွဲပြီး သတင်းထုတ်ပြန်သွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags