ရခိုင်ပဋိပက္ခအတွင်း လုံခြံုရေးတပ်ဖွဲ့ဝင်များဘက်က ဥပဒေမဲ့ကျူးလွန်မှုများ မရှိခဲ့ဟု တပ်မတော် ကြေညာချက်ထုတ်

ရခိုင်ပဋိပက္ခအတွင်း လုံခြံုရေးတပ်ဖွဲ့ဝင်များဘက်က ဥပဒေမဲ့ကျူးလွန်မှုများ မရှိခဲ့ဟု တပ်မတော် ကြေညာချက်ထုတ်
ဓာတ်ပုံ-နိုင်ငံခြားရေးဝန်ကြီးဌာန

နိုဝင်ဘာ ၁၄ ။           ။ ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း လုံခြံုရေးတပ်ဖွဲ့ဝင်များဘက်က သတ်ဖြတ်၊ အဓမ္မပြုကျင့်မှုများ ရှိခဲ့သည်ဆို သည့် စွပ်စွဲချက်များအားလုံးမှာ မှန်ကန်မှု မရှိပါကြောင်း မြန်မာ့တပ်မတော်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အစောပိုင်းရက်ပိုင်းအတွင်းကပဲ ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး နေရာ အပြောင်းအလဲဖြစ်ခဲ့ပြီးနောက် မကြာမီမှာပဲ ယခုလို စွပ်စွဲချက်တွေကို ငြင်းဆန်ထားတဲ့ တပ်မတော်ရဲ့ ကြေညာချက် ထွက်ရှိလာတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အခြေစိုက်တဲ့ တပ်မတော် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်ချုပ် မောင်မောင်စိုးကို နေရာပြောင်းရွှေ့ခဲ့ပြီး ၎င်းကို အဘယ့်အတွက်ကြောင့် နေရာပြောင်းရွှေ့လိုက်ရ တာလဲ ဆိုတာကိုတော့ သက်ဆိုင်ရာ တပ်မတော်တာဝန်ရှိသူတွေဘက်က ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။

" သူ ဘာလို့ ပြောင်းရွှေ့ခံရသလဲဆိုတာကိုတော့  ကျွန်တော် မသိပါဘူး၊ သူ့ကို ခုလောလောဆယ်မှာလည်း ဘယ်တာဝန်ကိုမှ ပြောင်းရွှေ့ခန့်ထားတာမျိုးလည်း မရှိသေးပါဘူး၊ လောလောဆယ်တော့ အရန်အင်အားအဖြစ် ထားတာပါတယ်" ဆိုပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် အေးလွင်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အနောက်ပိုင်းတိုင်း တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်မောင်မောင်စိုးကို ပြောင်းရွှေ့လိုက်တဲ့ အမိန့်ညွှန်ကြားချက်ကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ခဲ့ပြီး ၎င်းရဲ့ နေရာမှာတော့ ကာကွယ်ရေးဝန်ကြီးဌာန ထောက်ပံ့နှင့် ပို့ဆောင်ရေး (ကကပံ့) ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် စိုးတင့်နိုင်ကို ခန့်အပ်လိုက်တယ်လို့လည်း သိရပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ မြန်မာစစ်တပ်ဟာ ရခိုင်ဒေသမှာ အဓမ္မပြုကျင့်မှုနဲ့ အခြားသော လူသားချင်းစာနာမှု ဆိုင်ရာ ကျူးလွန်မှုတွေကို စီစဉ်ကျူးလွန်ထားခဲ့ပါတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေဆီ သွားရောက်ခဲ့တဲ့ ကုလအကြီးတန်းအရာရှိကြီးတစ်ဦးက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စွပ်စွဲထားခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း စွပ်စွဲချက်တွေအားလုံးနဲ့ပတ်သက်လို့ တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ က စစ်ဆေးခဲ့ရာမှာ တော့ ယင်းစွဲချက်တွေအတိုင်း လုံခြံုရေးတပ်ဖွဲ့ဝင်တွေဘက်က အမှန်တကယ် ကျူးလွန်ထားခြင်း မရှိပါ ကြောင်း မြန်မာတပ်မတော်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားခဲ့တယ်လို့လည်း သိရပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ လာမယ့် နိုဝင်ဘာ ၁၅ ရက်မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တီလာဆန် မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly