Ballon d’Or ဆုကို မက်ဆီရရှိသည်ဟု သတင်းများ ပေါက်ကြား

Ballon d’Or ဆုကို မက်ဆီရရှိသည်ဟု သတင်းများ ပေါက်ကြား

နိုဝင်ဘာ ၁၄ ။            ။ ပြင်သစ်မဂ္ဂဇင်းမှ ပေးအပ်ချီးမြှင့်သည့် Ballon d’Or ဆုပေးပွဲ ကျင်းပရန် တစ်လအလိုတွင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို မက်ဆီရရှိသည်ဟု သတင်းများ ပေါက်ကြားခဲ့သည်။

မက်ဆီ Ballon d’Or ဆုရရှိသည့်ပုံဖြင့် ပြင်သစ်မဂ္ဂဇင်း မျက်နှာဖုံးဒီဇိုင်းထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့အတွက် စီရော်နယ်ဒို၏ ပရိသတ်များက စိတ်ဆိုးဒေါသထွက်လျက်ရှိနေကြသည်။ အဆိုပါ ဒီဇိုင်းမှာ အတု၊ အစစ် ကွဲပြားခြင်းမရှိသော်လည်း ပရိသတ်များက အမှန်ဖြစ်ကြောင်း အွန်လိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလျက်ရှိနေကြသည်။

ယခုကဲ့သို့ သတင်းပေါက်ကြားမှုအတွက် ပေးနိုင်သည့်အဖြေကတော့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းသည် ကမ္ဘာ့အကောင်းဆုံးဆုရှင် ဆန်ခါတင်သုံးဦး၏ပုံများဖြင့် မျက်နှာဖုံးသုံးခု ကြိုတင်ပြုလုပ်လေ့ရှိခြင်း ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က စီရော်နယ်ဒို၏ပုံဖြင့် ယခုကဲ့သို့ သတင်းပေါက်ကြားမှုများရှိခဲ့ပြီး အမှန်တကယ်ဆုရွေးချယ်ရာတွင်လည်း စီရော်နယ်ဒိုသာ ရရှိခဲ့သည့် သာဓကများရှိခဲ့သည်။

စီရော်နယ်ဒိုမှာ ပြီးခဲ့သည့်ရာသီက ရီးယဲလ်နှင့်အတူ လာလီဂါဖလားနှင့် ချန်ပီယံလိဂ်ဖလားများရယူနိုင်ခဲ့ခြင်းကြောင့် FIFA The Best ဆုကို ရရှိခဲ့သလို Ballon d’Or ဆုကိုလည်း ရရှိရန် ရေပန်းစားလျက်ရှိသည်။

လက်ရှိတွင် မက်ဆီမှာ Ballon d’Or ဆုကို ငါးကြိမ်ရရှိထားပြီး စီရော်နယ်ဒိုက လေးကြိမ် ရရှိထားသည်။

ရည်ညွှန်း 101greatgoals

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly