ကိုယ်ဝန်ဖျက်ချမှု တားမြစ်ဥပဒေကို ဘရာဇီးမြို့များတွင် ထောင်ပေါင်းများစွာသော အမျိုးသမီးများ ချီတက်ဆန္ဒပြ

ကိုယ်ဝန်ဖျက်ချမှု တားမြစ်ဥပဒေကို ဘရာဇီးမြို့များတွင် ထောင်ပေါင်းများစွာသော အမျိုးသမီးများ ချီတက်ဆန္ဒပြ

ဆော်ပေါလို၊ နိုဝင်ဘာ ၁၄ ။             ။ ဘရာဇီးနိုင်ငံက မြို့များတွင် ဥပဒေအဖြစ် အသက်ဝင် ပြဌာန်းပြီးပါက အားလုံးသော ကိုယ်ဝန်ဖျက်ချမှုများကို တားမြစ်နိုင်မည့် ဥပဒေကြမ်းအား ထောင်ပေါင်းများစွာသော အမျိုးသမီးများက နိုဝင်ဘာ ၁၃ ရက်တွင် ချီတက်ဆန္ဒပြကြသည်။

ဆော်ပေါလိုမြို့တွင် ရာပေါင်းများစွာသော ဆန္ဒပြအမျိုးသမီးများက Paulista ရိပ်သာလမ်းမကြီးအတိုင်း ချီတက်ရာတွင် အများစုမှာ ခါးထက်ပိုင်း ဗလာကျင်းဖြင့် ချီတက်ဆန္ဒပြကြခြင်း ဖြစ်သည်။ ၄င်းတို့က ကိုယ်ဝန်နှင့် ပတ်သက်ကာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို တောင်းဆိုကြပြီး ဥပဒေကြမ်းအားလည်း ဝေဖန်သည်။

လွှတ်တော်တွင် မဲပေးအတည်ပြုပြီးပါက ယင်းဥပဒေသည် ကိုယ်ဝန်ဖျက်ချခြင်းများကို အရေးယူအပြစ်ပေးနိုင်မည်ဖြစ်သည်။ မုဒိမ်းပြုကျင့်ခံရပြီး ရရှိသည့် ကိုယ်ဝန်ကို ဖျက်ချခြင်းကိုပင် ယင်းဥပဒေက သက်ရောက်မည်ဖြစ်သည်။

အမတ်များ၏ ပထမအသုတ် မဲပေးမှုတွင် ၁၈ မဲ ၁ မဲ ရထားသည့် ယင်းဥပဒေကြမ်းသည် လက်ရှိ ခွင့်ပြုထားသော မုဒိမ်းမှုမှ ရသည့် ကိုယ်ဝန်ကို ဖျက်ချခြင်း၊ သန္ဓေသားကြောင့် ဘေးရှိနိုင်သော ကိုယ်ဝန်များအပါအဝင် ကိုယ်ဝန်ဖျက်ချမှုများအားလုံးကို ရာဇဝတ်မကင်းသည့် လုပ်ရပ်အဖြစ် သတ်မှတ်သွားနိုင်မည်ဖြစ်သည်။

“လက်ရှိ ဥပဒေက အမျိုးသမီးတွေရဲ့ လိုအင်နဲ့ ကိုက်တယ်။ ဒါပေမယ့် ဒါကို အပြောင်းအလဲ လုပ်လာတာဟာ အမျိုးသမီးတွေအတွက်တော့ အိပ်မက်ဆိုးတစ်ခုပဲ။”ဟု အမျိုးသမီးရေးရာအဖွဲ့မှ Samia Bomfim က EPA သို့ ပြောပြီး ဘရာဇီးနိုင်ငံအတွင်း ဆယ့်တစ်မိနစ်တိုင်း အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရမှု ဖြစ်ပွားနေကြောင်း မှတ်ချက်ချ ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly