ကမ္ဘာ့ဖလားခြေစစ်ပွဲ play-off အဆင့်မှာ အီတလီအသင်းက ဆွီဒင်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဂိုးသမား ဘူဖွန်က “အီတလီဘောလုံးပရိသတ်အားလုံးအတွက် ဝမ်းနည်းရပါတယ်”လို့ ပြောဆိုခဲ့သလို နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားယူလိုက်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။
အီတလီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ခွင့် ဥရောပဇုန် Play-off ခြေစစ်ပွဲ ဒုတိယအကျော့မှာ ဆွီဒင်အသင်းကို ဂိုးမရှိ သရေကျခဲ့ပြီးနောက် ၁၉၅၈ နောက်ပိုင်း နှစ်ပေါင်း ၆၀ အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ပထမဆုံးအကြိမ် လွဲချော်ခဲ့ရတာဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်မှာ အီတလီအသင်းမှာ စတင်ပွဲထွက်ကစားခဲ့တဲ့ ဂျူဗင်တပ်စ်ဂိုးသမား ဘူဖွန်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးပြီးနောက် နိုင်ငံလက်ရွေးစင်ကစားသမားကနေ အနားယူမယ်လို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောဆိုခဲ့ဖူးပြီး သူဟာ ပိုစောပြီး အနားယူသွားမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
ဘူဖွန်ရဲ့ ဂျူဗီတပ်စ်အသင်း ကစားဖော် ဘာဇာလီနှင့် ရိုးမားကွင်းလယ်လူ ဒီရော့စ်တို့လည်း ၎င်းတို့ရဲ့ အီတလီကစားသမားဘဝကို အဆုံးသတ်ခဲ့ပြီလို့ သိရပြီး ချီလီနီမှာလည်း အနားယူဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
အသက် ၃၉ နှစ်ရှိ ဘူဖွန်ဟာ ကစားဘဝသက်တမ်း နှစ် ၂၀ အတွင်း နိုင်ငံအတွက် ပွဲပေါင်း ၁၇၅ ပွဲကစားခဲ့ပြီး ၂၀၀၆ မှာ ကမ္ဘာ့ဖလားကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။
Ref; The Guardian