မဟုတ်မဟတ် လုပ်ရပ်တွေ ရပ်ပါတော့

မဟုတ်မဟတ် လုပ်ရပ်တွေ ရပ်ပါတော့

အခုရက်ပိုင်း ရန်ကုန်မြို့နေ လူလတ်တန်းစားတွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ပုဒ်ကတော့ ကိုယ့်ကားကို ကိုယ့်ပါကင်မှာ မရပ်တဲ့ ကား ၄၇ စီး ဖမ်းဆီး အရေးယူခံ ရတဲ့ ကိစ္စပါ။ ရန်ကုန် စည်ပင်ကတော့ ဥပဒေထဲက စာသားတွေကို ရွတ်ဆိုပြီး သူတို့ကို ဒဏ်ငွေ ကျပ် တစ်သောင်းကနေ ၅ သိန်းအထိ တပ်ရိုက်မယ်၊ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ဆိုပါ တယ်။ ခုလို ဖမ်းဆီးအရေးယူ ဒဏ်ရိုက်ခံရတဲ့ ပြည်သူတွေအတွက် ဘယ်လောက် မခံချင်စရာ ကောင်းမလဲ တွေးကြည့်ရုံနဲ့ ကိုယ်ချင်းစာနိုင်ပါတယ်။ ဒီလို အဓိပ္ပာယ်မဲ့တဲ့ စည်းကမ်းချက်တွေကို သတ်မှတ်၊ မတရားဖမ်းဆီး အရေးယူခံ ရတာကို အာဏာပိုင်တွေရဲ့ မျက်ကွယ်မှာ ဆဲဆိုရုံမှ တစ်ပါး ဘာမှ မတတ်နိုင်ကြတော့ဘူးလား။ အာဏာပိုင်တွေရဲ့ အခုလုပ်ရပ် အဓိပ္ပာယ် ရှိပါရဲ့လား၊ ပြည်သူ တွေ အနေနဲ့ ဘယ်လိုတုန့်ပြန်လို့ ရနိုင်မလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အစိုးရဟာ ရန်ကုန်နေပြည်သူတွေ တစ်ဦးချင်း ကားတင် သွင်းခွင့်နဲ့ ပတ်သက်ပြီး စည်းကမ်းချက် အသစ်တစ်ခု ချမှတ်ထားခဲ့ပါတယ်။ အဲဒါကတော့ ကိုယ် ကိုယ်တိုင် ပိုင်ဆိုင်တဲ့ ကားပါကင်နေရာရှိမှ ကားတင်သွင်းခွင့်ပြုမယ် ဆိုတာမျိုးပါ။ အကြောင်းပြ ချက်ကတော့ ရန်ကုန်မှာ ကားတွေ တအားများနေတယ်၊ ကားတွေ အလွန်ကြပ်နေတယ်၊ ဒါကြောင့် ရန်ကုန်လိုင်စင် ကားအရေအတွက် လျှော့ချနိုင်အောင် ခုလိုအစီအစဉ်တွေ လုပ်ရတာလို့ ဆိုပါတယ်။ အဓိပ္ပာယ်ကတော့ မြောက်ဒဂုံလို၊ သံလျင်လို ကိုယ့်ခြံဝိုင်းလေးနဲ့ ကားပါကင်အတွက် မြေနေရာရှိသူတွေပဲ ကားတင် သွင်း၊ ရန်ကုန်မြို့လယ် ဧရိယာမှာ နေထိုင်သူတွေ လုံးဝ ကားမတင် သွင်းနဲ့ဆိုတဲ့ အဓိပ္ပာယ် ပေါက်ပါတယ်။ ဒီလောက် စဉ်းစားတတ်ရင်ပဲ ဒီစည်းကမ်းချက် လုံးဝအဓိ ပ္ပာယ် မရှိဘူးဆိုတာ နားလည်နိုင်လောက်ပါတယ်။

ကောင်းပါပြီ။ရန်ကုန်မြို့လယ် ဧရိယာပြင်ပမှာ နေထိုင်တဲ့ သူ၊ ကားပါကင် မြေနေရာ ရှိသူ တွေကရော သူတို့ ကားတင်သွင်းပါပြီတဲ့၊ အဲဒီကားဟာ သူ့အိမ်ဝိုင်းမှာပဲ အမြဲတမ်း ညသိပ်ရမှာ လား၊ တစ်ခါတစ်ရံ မြို့ထဲသွားမယ်၊ မြို့ထဲက လွတ်နေတဲ့ ကားပါကင်တစ်ခုခုမှာရော သူ့ကားကို ရပ်လို့ မရဘူးလား၊ ညအိပ် ထားခွင့်မရှိဘူးလား မေးစရာ ရှိလာပါတယ်။ အာဏာပိုင်တွေကတော့ ပြောမှာပါ။

မရပါဘူး ဆိုပြီး။ ဒါဆိုရင် မြို့ထဲမှာ ဘာ ကားပါကင်ထောက်ခံချက်မှ မရှိဘဲ သွင်းထား တဲ့ ကား အများစုကြီးကရော ဘာအကြောင်းကြောင့် ရပ်ချင်ရာ ရပ်လို့ ရတာလဲ မေးစရာ မေးခွန်း ရှိလာမှာပါ။နောက် တစ်ချက် ကားပါကင်ရှိလို့ ကားတင်သွင်းထားသူ တစ်ယောက်ကရော အဲဒီ ကားကို တစ်သက်လုံး စီးရမှာလား။ မရောင်းစားရ၊ ကားကို မလဲရတော့ဘူးလား။ ကားကို ပြန် ရောင်းမယ် ဆိုရင် မြို့လယ် မှာနေသူကို ရောင်းလို့ မရတော့ဘူးလား။ ကားရောင်းရင် ကားပါကင် မြေနေရာကိုပါ “မ” ပြီး ရွှေ့ပေးရတော့မယ့်ပုံ ပေါက်နေပါတယ်။ ဒီလောက် အသိဉာဏ် ဆင်ခြင်တုံ နည်းတဲ့ အတွေးအခေါ်ကို တင်သူက တင်၊ အတည်ပြုသူက ပြု၊ အကောင်အထည်ဖော်သူက ဖော်၊ ဟော ခုနောက်ဆုံး ဒုက္ခပေးသူက ပေးပါတယ်။

နောက်ဆုံး လူတကာသိတဲ့ လျှို့ဝှက်လုပ်ငန်းတွေ ပေါ်လာပါတယ်။ ကားပါကင်မြေနေရာ ငှားတာ၊ ရောင်းတာ လုပ်တဲ့လုပ်ငန်းပါ။ ကားသွင်းမယ့် ပုဂ္ဂလိက ပြည်သူတွေဟာ ဒီအလုပ်တွေကို ဘယ်သူကမှ စိတ်အညစ်ခံ၊ အချိန်ကုန်ခံပြီး လိုက်လုပ်မနေကြပါဘူး။ ကားသွင်းတဲ့ အကျိုးဆောင် ကုမ္ပဏီတွေကပဲ လုပ်ကိုင်ကြတာပါ။ အဲဒီမှာ ကားပါကင်နေရာ ရောင်းစားသူတွေ ပေါ်ပေါက်လာပါ တယ်။

အဲဒီ ပါကင်နေရာ အသိအမှတ်ပြုခွင့်ရဖို့ အောက်ခြေအာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့် မှာ လာဘ်ပေးလာဘ်ယူမှုတွေ ပေါ်လာပါတယ်။ ဒီလိုနဲ့ ရန်ကုန်က ကားဝယ်စီးမယ့် ပြည်သူတစ်  ယောက် အနေ နဲ့ကားပါကင် မြေနေရာဖိုး ကျပ် ၃ သိန်းကနေ ၅ သိန်း အပိုကုန်ရတယ်ဆိုတဲ့ အားလုံးသိပြီးသား ဇာတ်လမ်း ထွက်လာပါတယ်။ ကားဝယ်သူတွေဟာ အဲဒီကားပါကင်မှာ နေတဲ့လူတွေ မဟုတ်သလို၊ ကား ကို တစ်နေကုန်သုံး၊ ညနေကျရင် အဲဒီကားပါကင်မှာ သွားသိပ်၊ ကိုယ်ကတော့ Taxi နဲ့ ကိုယ့်အိမ်ကိုယ်ပြန်၊ မနက်ကျရင် အလွန်ဝေးတဲ့ ကားပါကင်နေရာကို Taxi နဲ့သွားပြီးမှ ကားကိုယူမောင်းဆိုတဲ့ ရူးသွပ် တဲ့ အလုပ်မျိုးကိုလည်း ဘယ်ပြည်သူတစ်ယောက်မှ မလုပ်ပါဘူး။  ပြောရရင် အာဏာပိုင်တွေက အဓိပ္ပာယ်မဲ့တဲ့ စည်းကမ်းတွေကို သတ်မှတ်လိုက်တဲ့ အတွက် ပြည်သူတွေကလည်း လိုက်နာနိုင်ခြင်းမရှိဘဲ အဆင်ပြေသလို လုပ်ကြရတာပါ။ အခု အဲဒီ ပြည်သူတွေကို နှိပ်ကွပ်နေပါပြီ။

အခု ကိုယ့်ကားပါကင်နေရာမှာ ကိုယ်မရပ်လို့ဆိုပြီး စည်ပင်က ဖမ်းတဲ့ ဥပဒေကတော့ ခုလိုပါ။ ရန်ကုန်မြို့တော် စည်ပင်အများပိုင်မြေများနှင့် အများပြည်သူပိုင် လမ်းမများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ရပ်နား ထားသည့်အတွက် စည်ပင်သာယာရေး ဥပဒေပုဒ်မ (၆၈) နဲ့ ဖမ်းဆီး တရားစွဲဆိုတာလို့ ဆိုပါတယ်။ ဖြစ်မှ ဖြစ်ရလေလို့ ဆိုရမလိုပါပဲ။ ပါကင်ပါမစ်နဲ့ သွင်းတာမဟုတ်ဘဲ ရှေ့က ရှိပြီးသား သိန်းနဲ့ချီတဲ့ ကားတွေကရော စည်ပင်ခွင့်ပြုချက် ရပြီးသားတွေလို့ မှတ်ယူရမှာ လားလို့ မေးလိုက်ချင်ပါတယ်။ အာဏာပိုင်တွေရဲ့ အခုလုပ်ရပ်ဟာ ဥပဒေကို လိုသလိုသုံးပြီး ပြည်သူကို နှိပ်ကွပ်တာပါ။ တကယ့်ကိုပဲ ပါကင်ပါမစ်နဲ့ သွင်းလာတဲ့ကားတွေ သူ့နေရာ သူမရပ် တာကို အရေးယူချင်တယ်ဆိုရင် အဲဒီကားတွေနဲ့ ပတ်သက်တဲ့ ဥပဒေ သီးသန့်ပြဋ္ဌာန်းဖို့ လိုပါလိမ့် မယ်။ ပြီးရင် အဲဒီဥပဒေ ပြည်သူတွေသိအောင် ရှင်းရှင်းလင်းလင်း ထုတ်ပြန်ရပါလိမ့်မယ်။ အခု တော့ အဲဒီလိုမလုပ်ဘဲ ကိုယ်တပ်ချင်တဲ့ ပုဒ်မတပ်ပြီး အရေးယူချင်သလို အရေးယူပြတာမျိုး ဖြစ်နေပါတယ်။

တကယ်တော့ အစိုးရအဖွဲ့ရဲ့ အဲလို မလျော်မကန် လုပ်ရပ်ကို ပြည်သူတွေ ဘာမှပြန်မပြော နိုင်ဘဲ ခေါင်းငုံ့ခံနေရတဲ့ အနေအထားမျိုးပါ။ အားလုံးသိကြသလို ရန်ကုန်လွှတ်တော် ဆိုတာက လည်းဒေါ်ညိုညို သင်းတို့ နှစ်ယောက် သုံးယောက်ကလွဲရင် ကျန်တဲ့အမတ်အားလုံး လက်ညှိုး ထောင် ခေါင်းညိတ်တွေဖြစ်ပြီး ဟန်ပြသာသာလောက်ပဲရှိတဲ့ လွှတ်တော်ပါ။ ပြည်သူတွေအပေါ် ခုလို အဓိပ္ပာယ်မဲ့တဲ့ စည်းကမ်းတွေထုတ်၊ ကိုယ်လိုရာ ဥပဒေနဲ့ ဖမ်းဆီးအရေးယူတာမျိုးကို လွှတ်တော်ဘက်က ထိန်းညှိပေးဖို့ လုံးဝအားမကိုးရပါဘူး။ ဒီအတွက် အရည်အချင်း အလွန်နည်း တဲ့ ရန်ကုန်အစိုးရ၊ ရန်ကုန်စည်ပင် ဟာ ခုလိုပဲ အလွဲစီမံခန့်ခွဲမှုတွေ ဆက်ပြီး လုပ်နေဦးမှာပါပဲ။ ဒီအတွက် ပြည်သူတွေလုပ်နိုင်တာ တစ်ခုပဲ ရှိပါတော့တယ်။ အဲဒါကတော့ လာမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပါ။ ရန်ကုန်အစိုးရ၊ ရန်ကုန် လွှတ်တော်၊ ရန်ကုန်စည်ပင် အားလုံးကို လွှမ်းမိုး ထားတာ ပြည်ခိုင်ဖြိုးပါတီပါ။ ခုလို တလွဲစီမံခန့်ခွဲမှုတွေနဲ့ ပြည်သူတွေကို ဖိနှိပ်နေတဲ့ လုပ်ရပ်တွေ ကို မကြိုက်ရင် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကို မဲမပေးတဲ့နည်းကို စဉ်းစားရွေးချယ်ခွင့် ရှိနေပါ ကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required