အာဖရိကတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်း ထုတ်ပြန်

အာဖရိကတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်း ထုတ်ပြန်
 

 

နိုဝင်ဘာ ၁၃ ။                   ။ ၂၀၁၇ ဘီဘီစီ အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ကစားသမားငါးဦးစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။

ထိုဆန်ခါတင်ငါးဦးစာရင်းတွင် ဒေါ့တ်မွန်တိုက်စစ်မှူး အူဘာမီယန်း၊ လိုက်ဇစ်ကွင်းလယ်လူ ကီတာ၊ လီဗာပူးလ်တိုက်စစ်မှူး မာနေး၊ ချယ်လ်ဆီးတောင်ပံကစားသမားမိုးဆက်နှင့် လီဗာပူးလ်တိုက်စစ်ကစားသမားသစ် ဆာလက်တို့ ပါ၀င်ခဲ့ကြသည်။

အူဘာမီယန်းမှာ ဆန်ခါတင်စာရင်းတွင် ငါးနှစ်ဆက်တိုက်ပါ၀င်ခဲ့ခြင်းဖြစ်ပြီး မာနေးမှာ သုံးကြိမ်မြောက်ပါ၀င်ခဲ့ခြင်းဖြစ်သည်။ မိုးဆက်မှာမူ ဒုတိယအကြိမ်ပါ၀င်ခြင်းဖြစ်ပြီး ဆာလက်နှင့်ကီတာတို့မှာ ပထမဆုံးအကြိမ်ပါ၀င်လာခဲ့ကြခြင်း ဖြစ်သည်။

အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လာမည့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည် ဖြစ်သည်။ BBC Sports နှင့် BBC Africa Website တို့မှ   ကြေညာပေးမည်ဖြစ်သည်။ ပရိသတ်များအနေဖြင့် အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် ကိုယ်ကြိုက်နှစ်သက်သည့် ကစားသမားကို ဘီဘီစီဝက်ဘ်ဆိုက်တွင် မဲပေးရွေးချယ်နိုင်ပါသည်။

အာဖရိကအကောင်းဆုံးဘောလုံးသမားဆုကို ယမန်နှစ်က လက်စတာအသင်းမှ အယ်လ်ဂျီးရီးယားကစားသမား မာရက်ဇ်က ရရှိခဲ့ပြီး အူဘာမီယန်းက ဒုတိယ၊ မာနေးက တတိယရရှိခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly