Shop.com.mm

အီရန်နှင့်အီရတ်နယ်စပ်၌ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ၁၃၀ ထက်မနည်းသေဆုံး

.

 

ဆူလိုင်မနီယာ၊ အီရတ်၊ နိုဝင်ဘာ ၁၃ ။          ။ အီရန်နှင့်အီရတ်နယ်စပ်၌ တနင်္ဂနွေနေ့တွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့် လူပေါင်း ၁၃၀ ထက်မနည်း သေဆုံးခဲ့ရကြောင်း   နှစ်နိုင်ငံမှအာဏာပိုင်များနှင့် နိုင်ငံတော်သတင်းဌာနတို့က သတင်းတင်ပြခဲ့ သည်။

အမေရိကန်ဘူမိဗေဒလေ့လာဆန်းစစ်မှုအဖွဲ့က ထိုငလျင်သည် ၇.၃ ပြင်းအားပမာဏခန့်ရှိပြီး ဟာလတ်ဘ်ဂျာ မြို့ အနောက်တောင်ပိုင်းအရပ်မှ ကီလိုမီတာ ၃၀ ခန့်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အီရတ်မှအာဏာပိုင်များက အဆိုပါအင်အားပြင်းငလျင်ကြောင့် ဆူလိုင်မနီယာခရိုင်အတွင်း၌ လူ ၆ ဦးသေဆုံးခဲ့ ပြီး ၁၅၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကြေညာခဲ့သည်။

“ဒါဘန်ဒီခန်မြို့မှာ အဆိုပါငလျင်ကြောင့် လူ ၄ဦးသေဆုံးခဲ့ပါတယ်” ဟု ထိုမြို့၏မြို့တော်ဝန် နာဆာမူလာဟတ် ဆန်က ပြောခဲ့သည်။ အခြားသေဆုံးသူနှစ်ဦးမှာ ကာလာမြို့မှဖြစ်ကြောင်း ထိုမြို့ရှိဆေးရုံမှ ဆရာဝန်ကြီးက အတည်ပြုပေးခဲ့သည်။

ဒါ့အပြင် အီရန်နိုင်ငံတော်သတင်းဌာနက အဆိုပါငလျင်ကြောင့် အီရန်နိုင်ငံအနောက်ပိုင်း၌ ၁၂၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။

“ကနဦးသိရတဲ့အသေအပျောက်စာရင်းအရ ကွက်စ်ရီရှီရင်မြို့မှ လူ ၇ ဦးသေဆုံးခဲ့ပြီး အက်ဇ်ဂါလာမြို့မှ လူတစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်” ဟု ကာမန်ရှာခရိုင်မှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဟော့ရှန်ဘက်ဇ်ဗန်းက ISNA သတင်းဌာနသို့ ပြောခဲ့သည်။ သို့သော်လည်း နောက်ဆက်တွဲသတင်းများနှင့် အသေအပျောက်စာရင်း များအရ ကာမန်ရှာခရိုင်၌ ငလျင်ကြောင့်သေဆုံးသူ ၁၂၉ ဦးအထိမြင့်တက်လာခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ ၃၀၀ ခန့်ရှိကြောင်း အီရန်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းအင်အားပြင်းငလျင်သည် ဒေသစံတော်ချိန် ည ၉း၁၈ နာရီခန့်တွင် ဆူလိုင်မနီယာတောင်တန်းဒေသမှ အနက် ၂၅ ကီလိုမီတာခန့်အကွာမှ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း   စောင့်ကြည့်လေ့လာသူများက ပြောခဲ့သည်။

အဆိုပါငလျင်လှုပ်ခတ်မှုကို အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တွင် စက္ကန့် ၂၀ခန့် ခံစားခဲ့ရကြောင်းနှင့် အီရတ်ရှိအချို့ ခရိုင်များတွင် ထိုထက်ပိုမို၍ ခံစားခဲ့ရကြောင်း သတင်းထောက်များက ပြောခဲ့သည်။

အီရန်၌လည်း တက်ဘ်ရစ်ဇ်မြို့အပါအ၀င် နိုင်ငံအနောက်ပိုင်းအရပ်မှ မြို့အများအပြား၌ အဆိုပါငလျင်လှုပ်ခတ် မှုကို ခံစားခဲ့ရကြောင်း ISNA သတင်းဌာနက တင်ပြခဲ့သည်။