မန်းရွှေစက်တော် ၃ မိုင်လမ်း လှေတင်တံတား ပြီးစီးပါက တံတားဖြတ်သန်းခ ကောက်ခံရန် မရှိ

မန်းရွှေစက်တော် ၃ မိုင်လမ်း လှေတင်တံတား ပြီးစီးပါက တံတားဖြတ်သန်းခ ကောက်ခံရန် မရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရား (၃)မိုင်လမ်းရှိ မန်းချောင်းဖြတ် လှေတင်တံတား ဆောက်လုပ်ပြီးစီးပါက တံတားဖြတ်သန်းခ ကောက်ခံရန် အစီအစဉ် မရှိကြောင်း
မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

“ ဒီလှေတင်တံတားကြီး တည်ဆောက်တာက ဘုရားဖူး ရဟန်းရှင်သူမြတ်များနဲ့ပြည်သူလူထုတွေရဲ့ ချွေးနည်းစာနဲ့ လှူဒါန်းထားတဲ့ ငွေတွေနဲ့ ဆောက်တာဖြစ်ပါတယ်၊ ဒီငွေတွေနဲ့ လှေတင်တံတားကို   ဆောက်လုပ်ထားတာ ဖြစ်တဲ့အတွက် ဘုရားဖူး ရဟန်းရှင်၊ပြည်သူလူထုတွေ စိတ်ချမ်းသာအောင် တံတားကြီးကို အခွန်အခ ကောက်ခံရန် လောလောဆယ် အစီအစဉ် မရှိပါဘူး” ဟု ဂေါပကဥက္ကဋ္ဌ ဦးသိန်းလှိုင်က မဇ္ဈိမသို့ ပြောသည်။

လက်ရှိ တံတားတည်ဆောက်မှုမှာ ၆၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး၊ လာမည့်ဘုရားပွဲတော်အမီ ပြီးစီးနိင်ကြောင်း၊ တံတား အရှည်ပေ(၅၀၀)၊ အကျယ်ပေ(၃၀)၊ အမြင့်ပေ(၂၀)၊  တံတားတိုင်ပေါင်း(၈)တိုင် ပါရှိပြီး ဘုရားကြီး ဘဏ္ဍာငွေ ကျပ်သန်း(၁၄၀၀)ဖြင့် တံတားတည်ဆောက်ရေး၊အထူးအဖွဲ့(၅)ဆိပ်ဖြူမှ တာဝန်ယူ ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ အရင်နှစ်တွေကလည်း ဘုရားကြီးဘဏ္ဍာငွေနဲ့ ပွဲတော်ရက်မှာ ဒီလှေတင်တံတားကို ယာယီဆောက်တယ်၊ ပြီးတော့ လေလံပေးတယ်၊ ဘုရားဖူးယာဉ်တွေ ဖြတ်သန်းတဲ့အခါ ဖြတ်သန်းခ ကောက်တယ်၊ ဘုရားပွဲ စည်ကားတဲ့ရက်တွေဆို အကောက်ကြမ်းတယ်၊နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တယ်၊ အခု အရပ်သားဂေါပကအဖွဲ့ လက်ထက်မှာ ဘုရားဘဏ္ဍာငွေနဲ့ ရာသီမရွေး ဖြတ်သန်းလို့ရအောင်   ဆောက်တယ် ဖြတ်သန်းခ မပေးရဘူး ဆိုရင်တော့ ဘုရားဖူး ရဟန်းရှင်၊ပြည်သူတွေ စိတ်ချမ်းသာတာပေါ့ဗျာ” ဟု မုံရွာမြို့မှ ဘုရားဖူး လာရောက်သူ ဦးသက်က ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်အား လာမည့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စတင်ဖွင်လှစ် မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly