ဆီးချိုနှင့် ဟော်မုန်းရောဂါ (အပိုင်း ၂)

ဆီးချိုနှင့် ဟော်မုန်းရောဂါ (အပိုင်း ၂)

 

မေး။   ။ တကယ်လို့ ဒီဆီးချိုကမိသားစုထဲမှာတော့မရှိဘူးဒါပေမယ့် အပေါင်းသင်းတစ်ယောက်ယောက် မိတ်ဆွေတစ်ယောက်ယောက်ဆီကရော ကူးတာမျိုးရောဖြစ်နိုင်လား။

ဖြေ။    ။ ဆီးချိုသွေးချိုရောဂါကကူးစက်ခြင်းကြောင့် မဟုတ်တဲ့ ရောဂါလို့ ခေါ်ပါတယ်။ ဘေးနားမှာဆီးချိုသွေးချိုသမားတစ်ယောက်ထိုင်နေတာနဲ့ သူ့ကိုထိထားကိုင်တာနဲ့ သူနဲ့အတူထမင်းစားတာနဲ့ ဒီနည်းနဲ့တော့ လုံးဝမကူးပါဘူး။ ဒါကြောင့်မို့ ကူးစက်ခြင်းကြောင့် မဟုတ်တဲ့ ရောဂါပေါ့။ လူတွေရဲ့ပြဿနာကကူးစက်ခြင်းဆိုကြောက်တယ်။ ဘေးနားမှာကူးစက်နိုင်တဲ့ရောဂါသည်တစ်ယောက်ရှိတယ်ဆိုရင် အရမ်းကိုလန့်နေကြတယ်။ ကူးစက်ခြင်းကြောင့်မဟုတ်တဲ့ ရောဂါကျတော့ မလန့်ကြဘူး။ အဲဒါက ကျွန်တေ်ာတို့အတွက် ဒုက္ခပဲ။ အခု ကျွန်တေ်ာတို့နိုင်ငံမှာက ပြဿနာက ၂ ခုဖြစ်နေတယ်။ ကူးစက်ခြင်းကြောင့်ဖြစ်တဲ့ TB တို့ HIV တို့ပေါ့ ကူးစက်ခြင်းတို့ကြောင့် မဟုတ်တဲ့အထဲမှာတော့ ဒီဆီးချိုသွေးချို နှလုံးသွေးကြောကျဉ်း၊ လေဖြတ်၊ ကင်ဆာနာတာရှည် အသက်ရှူလမ်းကြောင်းရောဂါ ဒီရောဂါတွေက ကျွန်တေ်ာတို့လက်ရှိတွေ့ရှိချက်အရ တစ်ကမ္ဘာလုံးရဲ့ တွေ့ရှိချက်အရလူ ၁၀၀ မှာ ၅၉ ရာခိုင်နှုန်းဆိုတော့ ကူးစက်ခြင်းကြောင့် ဖြစ်တဲ့ ရောဂါထက်တောင် ပိုများသေးတယ်။ ပြီးတော့ သူတို့ကပျောက်တာလည်းမဟုတ်ဘူး။ တစ်သက်လုံး ကျွန်တေ်ာတို့ကကုရမှာ။ ဒါကြောင့် ဆီးချိုသမားတစ်ယောက်က ဖြစ်သွားပြီဆိုရင် တစ်အချက်ကခေါင်းကနေခြေထောက်အထိအကုန်ထိတယ် တစ်ကိုယ်လုံးထိတာပဲ။ မထိတာမရှိဘူး။ နံပါတ်နှစ် အသက်အန္တရာယ်ဆုံးရှုံးနိုင်တယ်။ ဒါမှမဟုတ် လေဖြတ်သွားတဲ့အတွက်ကြောင့် မသန်စွမ်း ဖြစ်သွားနိုင်တယ်။  ကျောက်ကပ်ထိတဲ့အတွက်ကြောင့်   ကျောက်ကပ် ဆေးရမယ်။   ခြေထောက်တွေဖြတ်ရတယ်ဆိုတော့ အချိန်မရွေးမသန်စွမ်း ဖြစ်သွားနိုင်တယ်။ ဆီးချိုဖြစ်သွားရင် သူကသာမန်လူတစ်ယောက်ထက်စာရင် မရှိတဲ့လူထက်စာရင် အသက်က ၁၂ နှစ် တိုသွားတယ်။ ပြဿနာကသေလည်းမသေဘူးကုလည်းကုရမယ်ဆိုတဲ့အတွက်ကြောင့် ကျန်းမာရေးစရိတ်ကအရမ်းကြီးတယ်။ အဲဒိီတော့ ကျွန်တေ်ာတို့ကဆီးချိုသွေးချိုကတစ်ဦးချင်းရဲ့ ပြဿနာတင် မကတော့ဘူး။သူ့ကြောင့် မိသားစုပါ ငွေတွေ အများကြီးကုန်ရတာပေါ့နော်။ မဖြစ်ရင် ကြိုတင်ကာကွယ်တာတော့ အကောင်းဆုံးပါပဲ။

မေး။   ။ ဆီးချိုရှိတယ်လို့ သိလိုက်တာနဲ့ ဆေးခန်းပြတယ် ဆေးစစ်တယ် ဆရာဝန်ပေးတဲ့ဆေးတွေ သောက်ပါတယ်။ အဲဒီအတွက် ဆီးချိုဆိုတာအပြီးပိုင် ပျောက်ကင်းနိုင်ပါသလားသိပါရစေ။ ဆောင်ရန် ရှောင်ရန်တွေလည်းညွှန်ကြားပေးပါဦး။ မြန်မာဆေးနည်းဆိုပြီးခရေပင်အရွက်ပြုတ်ရည်လည်းလုပ်သောက်ပါတယ် သောက်သင့်ပါသလား။

ဖြေ။    ။ ပထမတစ်ဆင့်ကတော့ ဆီးချိုသွေးချိုကမပျောက်ပါဘူး။ ပျောက်တယ်လို့ပြောရင် ညာတာပါပဲ။ အဲဒါကြောင့် အညာမခံပါနဲ့။ သို့သော် သေချာစွာဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း   နေထိုင်စားသောက်ရင် လူတန်းစေ့နည်းပါးအသက်စေ့ နေနိုင်ပါတယ်။ ကျွန်တေ်ာတို့မှာဆီးချိုသွေးချိုဖြစ်ပြီး အနှစ် ၂၀၊ ၂၅ နှစ်နဲ့ ဘာမှမဖြစ်တဲ့လူတွေလည်းအများကြီးပါ။ အဲဒီတော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးကိုမှန်မှန်သောက်ပေးပါ။ နောက်တစ်ချက်က ကျွန်တေ်ာတို့မှာရည်မှန်းချက်တွေရှိပါတယ်။ ဆီးချိုသမားတစ်ယောက်သည် မနက်အစောကြီးဘာမှမစားပဲစစ်ရင် ၈၀ နဲ့ ၁၃၀ ကြားမှာရှိရမယ်။ အစာစားပြီး ၂ နာရီအတွင်းမှာစစ်ရင် ၁၈၀ မကျော်ရဘူး။ ဘယ်အချိန်စစ်စစ် ၂၀၀ မကျော်ရဘူး။ မစားမီ ၁၃၀ စားပီးရင် ၁၈၀ ဘယ်အချိန်စစ် ၂၀၀ မကျော်ရဘူးဒါလေးကိုဆီးချိုသွေးချို လက်လေးကိုဖောက်ပြီးတော့ ၃ ရက်တစ်ခါ သို့မဟုတ် ၅ ရက်တစ်ခါလောက် မှန်မှန်စစ်ပေးပါ။ ဒါကအရေးကြီးပါတယ်။ နောက် ကျွန်တေ်ာတို့မှာ ၃ လတစ်ခါ ပျမ်းမျှ စစ်တာရှိပါတယ်။ အဲဒါလေးတွေကိုလည်းစစ်နိုင်တဲ့နေရာတွေမှာစစ်ပါ။ ရ ရာခိုင်နှုန်းထက် မကျော်ရပါဘူး။ သွေးပေါင်ချိန်ကို ၁၄၀ ၊ ၉၀ မကျော်ပါစေနဲ့။ တစ်နှစ်ပြည့်တိုင်းမျက်စိ၊ ကျောက်ကပ်၊ ECG၊ ခန္တာကိုယ်ရဲ့ အဆီဓာတ်တွေ စစ်ဆေးပေးပါ။ ဒါလေးကိုမှန်မှန်လုပ်ပေးပါပေါ့နော်။ အဲဒီတော့ အစားအသောက်နဲ့ပတ်သက်လို့ကလည်း ကြိုက်သလောက်စားလို့ရတဲ့ အစားအသောက်တွေ ရှိပါတယ်။ အဲဒါကတော့ အရွက်တို့ အသားတို့ ငါးတို့ ပဲတို့ပေါ့။ ကြိုက်သလောက် စားပေးပါ။ အသင့်တင့် စားရမှာကတော့ ဆန်၊ ဂျံုတို့ကိုတော့ ချင့်ချိန်ပြီးတော့ စားသောက်ပေးပါပေါ့။ ဆီးချိုတက်ရင် ထမင်းနည်းနည်းလျော့စားပေးပါ။ အဓိကကတော့ ချိုတဲ့အရည်တွေ ချိုတဲ့အသီးတွေ ချိုတဲ့မုန့်တွေကိုဆီးချို တက်နေတဲ့နေ့တွေမှာမစားပါနဲ့ တက်တယ်ဆိုတာကခုနကပြောသလိုပေါ့ မစားမီ ၁၃၀ စားပီး ၁၈၀ ဘယ်အချိန်စစ်စစ် ၂၀၀ မကျော်နဲ့ပေါ့ မကျော်ရင်စားပါ ကျော်ရင် မစားပါနဲ့ပေါ့။ ရေဆာရင် ရေသောက်ပါပေါ့။ အဲဒီတော့ မြန်မာဆေးမြီးတိုလို့ ပြောရရင် တိုင်းရင်းဆေးကလည်းဆီးချို ကျသလားဆိုရင်တော့လည်းကျပါတယ်။ သို့သော် မြန်မာဆေးရဲ့ ဒုက္ခတစ်ခုက ၁၀ နှစ် အနှစ် ၂၀ အဲဒီဒေတာတွေ သုတေသနတွေ မရှိနိုင်သေးဘူး။ ဒါကြောင့်မို့ လက်ရှိတော့ ကျွန်တော်တို့အနေနဲ့ ကျပါတယ်။ သို့သော် ကျွန်တော်တို့ ရေရှည်ကိုမသိပါဘူးပေါ့။ အခြားဆေးမြီးတိုတွေကတော့ သိပ်မသိတဲ့အတွက်ကြောင့် Comments မပေးလိုတော့ပါဘူး။ သို့သော် လက်ရှိတော့ ဒေတာတွေလည်းရှိသုတေသနတွေလည်းအများကြီးလုပ်ထားတဲ့ အင်္ဂလိပ်ဆေးတွေကတော့ နိုင်ငံတကာမှာလည်းသောက်သုံးနေတဲ့အတွက်ကြောင့်မို့ အဓိကကတော့ အင်္ဂလိပ်ဆေးတွေကိုအဓိကထားသောက်သုံးပေးပါ မြန်မာဆေးကိုတွဲသောက်လို့ရပါတယ် သို့သော် ကျွန်တော်တို့ကတော့ အင်္ဂလိပ်ဆေးကိုတော့ မပျက်စေချင်ပါဘူး။ အဲဒါလေးတော့ မှာချင်ပါတယ်ခင်ဗျာ။

မေး။   ။ ဟင်းချိုမှုန့်အစားတခြားဘာများစားလို့ရမလဲတဲ့။ ဘေးကင်းစေလဲဆိုတာကိုလည်းဖြေပေးပါဦး။

ဖြေ။    ။ အဲဒါကလည်းတစ်ချို့ကျတော့လည်းဟင်းချိုမှုန့်ကြောက်လို့ သကြားထည့်တော့ ဆီးချိုကပိုဆိုးတာပေါ့။သဘာဝအချို့ကတော့ အကောင်းဆုံးပါပဲ။ ဒီဟင်းခတ်အချိုမှုန့်တွေကိုမစားရဘူးလို့ ကျွန်တော်တို့ မဆိုလိုပါဘူး။ စားလို့ရတယ် သို့သော် အတိုင်းအတာတစ်ခုသတ်မှတ်ချက်ပေါ့ ဆိုပါစို့ တစ်နေ့ကိုလက်ဖက်ရည်ဇွန်းတစ်ဇွန်း နှစ်ဇွန်းအဲဒီထက် ပိုပြိးတော့ မစားသင့်ဘူး။ လုံးဝမစားရဘူးလို့တော့ ကျွန်တော်တို့ မဆိုလိုပါဘူူး။ ထိုနည်းတူပဲသွေးတိုးမှာလည်းဆားကိုလုံးဝမစားရဘူးလို့ မဆိုလိုပါဘူး။ သို့သော် လိုအပ်သည်ထက် ပမာဏထက် မပိုဖို့ပဲအဓိက ကျွန်တော်တို့ကပြောချင်တာပါ။

မေး။   ။ ဆီးချိုရောဂါကဘာကြောင့် ဖြစ်ရတာပါလဲ။

ဖြေ။    ။ ခုနက ကျွန်တော် ပြောသလိုပေါ့နော် မျိုးရိုးကြောင့် ဖြစ်တာကတစ်ခုအဓိကကတော့ မျိုးရိုးရှိတယ် ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်မှု မလုပ်တဲ့အတွက်ကြောင့် အဓိက ဖြစ်တာပါ။ ပြန်ပြောရရင်တော့ ချိုလွန်း၊ ငန်လွန်းတဲ့အစားသောက်တွေကိုစားလို့၊ နောက်တစ်ခုကလေ့ကျင့်ခန်းမလုပ်လို့။ အဲဒီတော့ ကိုယ်ဆီးချိုမဖြစ်ချင်ရင် အဲဒီလိုမျိုးအစားသောက်တွေကိုရှောင်ကျဉ်ရမယ် လေ့ကျင်းခန် မှန်မှန်လုပ်ခြင်းအားဖြင့် ၅၈ ရာခိုင်နှုန်းကာကွယ်နိုင်ပါတယ်။

မေး။   ။ ဆီးချိုရောဂါအတွက် အထိရောက်ဆုံးကာကွယ်နည်းကိုပြောပြပါ။ ဥပမာအစားအစာလားဆေးဝါးနဲ့လားဆိုတာပြောပြပေးပါဦး။

ဖြေ။    ။ အဲဒါကဆီးချိုသွေးချိုသမားတွေကို ကျွန်တေ်ာတို့ ကုသနည်း ၃ မျိုးရှိပါတယ်။ တစ်ကတော့ အစားအသောက် အနေအထိုင် လေ့ကျင့်ခန်းပေါ့။ နှစ်ကတော့ ဆေးဝါးပေါ့။ နံပါတ်သုံးကတော့ အင်စူလင်ပေါ့။ ၃ ဆင့်သွားတာပေါ့။ သို့သော် အစားအသောက်နဲ့ လေ့ကျင့်ခန်းကဘယ်အဆင့်မှာမဆိုပါတယ်။ ဆီးချိုသမားတိုင်းသည် အစားအသောက်နဲ့ အနေအထိုင်ကိုအများဆုံးဆင်ခြင်ရပါမယ်။ များသောအားဖြင့် နုစဉ်မှာတော့ အစားအသောက်နဲ့ လေ့ကျင့်ခန်းနဲ့ ထိန်းလို့ရပေမယ့် သက်တမ်းရင့်လာရင်တော့ မရတော့ဘူး။ မရတော့တဲ့အတွက်ကြောင့်မို့ အစားအသောက် အနေအထိုင်နဲ့ သောက်ဆေးပါ သောက်ရပါလိမ့်မယ်။ တစ်ခါတစ်လေသောက်ဆေးသောက်ရင်းနဲ့ နှစ်ကြာလာလို့ ထိန်းမရရင်တော့ လိုအပ်ရင် အင်စူလင် ထိုးရမှာဆိုတော့ သုံးဆင့်စလုံးသွားရမှာဆိုတော့ အဓိကကတော့ အစားအသောက်နဲ့ အနေအထိုင်သည် Stage တိုင်းမှာပါနေတဲ့အတွက်ကြောင့်မို့ သူ့ကိုအဓိကထားပေးပါ။ လိုအပ်လာရင် ဆေးသောက်ပေးပါ။ သိပ်လိုလာလို့ဆရာဝန်ညွှန်ကြားရင်လည်းမကြောက်ပါနဲ့ လိုရင် အင်စူလင် ထိုးပေးပါပေါ့။

မေး။   ။ သွေးချို တက်လာပြီဆိုရင် ဘယ်လိုမျိုးလက္ခဏာ ပြလဲဆရာကြီး။

ဖြေ။    ။ တကယ်တော့ ဆီးချိုသွေးချိုရဲ့ ပြဿနာကဘာလဲဆိုတော့ သွေးတိုးနဲ့အတူတူပဲ။ ကျွန်တော်တို့ကတစ်ကဆီးချိုတက်လာရင် လူတွေကမူးတယ်။ ခုနကပြောသလိုပေါ့ ရေတွေ အရမ်းငတ်လာတယ်။ ဆီးတွေ အရမ်းသွားတယ်။ အဲဒါဆိုရင် သွေးချိုတက်တဲ့ လက္ခဏာထဲမှာပါတယ်။ သို့သော် ဘာလက္ခဏာမှမပါပဲနဲ့လည်းဆီးချိုသွေးချိုကတက်တာပဲ။ တစ်ခါတစ်လေလူနာကြီးက ကျွန်တော်တို့ ဆေးခန်းထဲကိုဝင်လာရင် အကောင်းကြီးဖောက်စစ်လိုက်ရင် ၅၀၀ ဖြစ်နေတယ်။ အဲဒီတော့ သဘောက ကျွန်တော်ပြောချင်တာကလက္ခဏာပေါ်မှမဟုတ်ဘူးမှန်မှန်စစ်ဆေးနေဖို့ လိုပါလိမ့်မယ်။ အဲဒီတော့မှ တက်လို့တက်မှန်းသိပါလိမ့်မယ်။ အဲဒါကြောင့်မို့ သုံးရက်တစ်ခါ ငါးရက်တစ်ခါ အနည်းဆုံးတော့ တစ်ပတ်တစ်ခါလောကတော့ သွေးချိုပမာဏကိုတိုင်းတိုင်းပြီးတော့ စစ်ပေးပါလို့ ကျွန်တော်တို့ကညွှန်ကြားချင်ပါတယ်ခင်ဗျာ။

မေး။   ။ ဆီးချိုဖြစ်နေပြီဆိုရင် ထမင်းလုံးဝမစားဘဲနေရမလား။

ဖြေ။    ။ ဘယ်လိုပြောရမလဲဆိုတော့ ထမင်းမစားပဲနဲ့ ကျွန်တော်တို့ မြန်မာတွေကအသက်ရှင်လို့မှမရတာ။ စားပါ။ ခုနကပြောသလိုပေါ့ ထမင်းစားလည်းတက်မှာပဲခေါက်ဆွဲစားလည်းတက်မှာပဲ။ တူတူပါပဲ။ အဲဒီတော့ မြန်မာကတော့ ထမင်းဆိုရင်တော့ စားရမှာပါပဲ။ စားပါ သို့သော် ချင့်ချိန်ပြီးတော့ စားပါ။ ဆီးချိုတက်တဲ့နေ့မှာထမင်းကိုလျော့စားပါ။ မတက်တဲ့နေ့ဆိုရင်တော့ ပုံမှန်စားပါ။ မစားပဲနေတာတော့ မကောင်းပါဘူး။ ကျွန်တော်ကတော့ စားပါလို့ပဲပြောချင်ပါတယ်။

မေ။   ။ ဆီးချိုရောဂါအတွက် ခွဲစိတ် အစားထိုးကုသနိုင်တာမျိုးမရှိသေးဘူးလားဆရာ။ တစ်ခြားနိုင်ငံတွေမှာများအခြားကုသနည်းသစ်တွေ ရှိနေပြီလား။

ဖြေ။    ။ ဒါကလည်းတကယ်ကိုသိသင့်တဲ့အချက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တေ်ာတို့ကကျောက်ကပ်မကောင်းရင် ကျောက်ကပ်အစားထိုးမယ် နှလုံးမကောင်းရင် နှလုံးအစားထိုးမယ် အဲဒီတော့ ဆီးချိုသွေးချိုအတွက်ကအဓိကမုန့်ချိုအိတ်လို့ခေါ်တဲ့အရာကမကောင်းတဲ့အတွက်ကြောင့် ကျွန်တော်တို့ကမုန့်ချိုအိတ်အစားထိုးရင် ရမယ်လို့ သီအိုရီအရ ကျွန်တော်တို့ အစားထိုးကြည့်ပါတယ်။ အစားထိုးတဲ့အခါမှာမုန့်ချိုအိတ်ကိုသက်သက်မထည့်နိုင်တဲ့အတွက်ကြောင့်မို့ အသည်းမှာသွားစိုက်ပြီးတော့ ထည့်ကြည့်တယ်။ သို့သော် ဒီမုန့်ချိုအိတ် အစားထိုးတဲ့နည်းသည် တခြားသောကျောက်ကပ်အစားထိုးတဲ့နည်းတို့ ၊နှလုံးအစားထိုးတဲ့နည်းတို့လောက် မအောင်မြင်ဘူး။ မအောင်မြင်တဲ့အတွက်ကြောင့် လက်ရှိဆီးချိုသွေးချိုကိုကုသလို့မရဘူး။ ဒါကြောင့် ထွက်လာတဲ့ ရလာဒ်ကသိပ်မကောင်းတဲ့အတွက်ကြောင့် လက်ရှိတော့ ကျွန်တော်တို့ကဆီးချိုသွေးချိုကိုအစားအသောက် အနေအထိုင် အင်စူလင်နဲ့ပဲထိန်းထားရမှာ ဖြစ်ပါတယ်။    ။

ဆီးချိုနှင့် ဟော်မုန်းရောဂါ (အပိုင်း ၁)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly