ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှေ့ YBS ယာဉ်တိုက်မှုတွင် ကျပ်သိန်းလေးရာကျော် ဆုံးရှုံး

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှေ့ YBS ယာဉ်တိုက်မှုတွင် ကျပ်သိန်းလေးရာကျော် ဆုံးရှုံး
ဓာတ်ပုံ - Wai Phyo

 

ရန်ကုန်၊နိုဝင်ဘာ၁၁ ။                   ။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့တွင် ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်၊ YBS အပါအဝင် ယာဉ် ၁၁ စီး ဆင့်တိုက်ခဲ့ရာ စုစုပေါင်း သိန်း ၄၄၀ ကျပ် တန်ဖိုး ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ပြီး လူ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

YBS (၃၅)ဘတ်စ်ကားမှ စတင်ကာ ဒဂုံမြို့နယ်ရှိ ပြည်လမ်းပေါ်တွင် အငှားယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များနှင့် ဘတ်စ်ကား စုစုပေါင်း(၁၁)စီးကို တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သတ်၍ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်အာဏာပိုင်အဖွဲ့ (YRTA)၏ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က အစည်းဝေးထိုင်ပြီးပါက ထုတ်ပယ်သည်အထိ ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားဖို့ရှိနေကြောင်း ပြောသည်။

"မနေ့ကဖြစ်ခဲ့တဲ့ကိစ္စက တကယ်တန်းပြောရရင် ကုမ္ပဏီစနစ် မရှိသေးလို့ဖြစ်တာ။  ကားကလည်း အဟောင်းကြီးလေ"ဟု YRTA၏ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

YRTAအနေဖြင့် စည်းကမ်းနှင့် ညွှန်ကြားချက်များအားမလိုက်နာသည့် ယာဉ်လိုင်းများ ကုမ္ပဏီများနှင့် ယာဉ်လုပ်သားများကို အရေးယူဆောင်ရွက်နေပြီး လက်ရှိအချိန်တွင် ကုမ္ပဏီစနစ်ဖော်ဆောင်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

နိုဝင်ဘာ(၁၀)ရက် နေ့လည်(၁)နာရီတွင် ပြည်လမ်းအတိုင်း မောင်းနှင်လာသည့် YBS (၃၅)ယာဉ်မှ အေဒီဗင်အမျိုးအစား အငှားယာဉ်နှင့် ပရိုဘောက်အမျိုးစား အငှားယာဉ်တို့ကို တိုက်မိခဲ့ခြင်းဖြစ်သည်။

၄င်းနောက် မီးပွိုင့်တွင်ရှိသော ဆလွန်းကား(၂)စီး၊ ပရိုဘောက်နှင့် နစ်ဆန်(အငှားယာဉ်)၊ မတ်တူးကား၊ ကယ်ဒီးနားကား၊ တိုယိုတာဖီဒတို့နှင့် YBS(၂၁) ဟွန်ဒိုင်းဘတ်စ်ကားတို့ကို ဆက်လက်တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုမှာ YBS (၃၅) ဘတ်စ်ကားပေါ်မှ ခရီးသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။

YBS (၃၅)ပေါ်မှ ထွက်ပြေးတိမ်းရှောင်နေသူ ဒရိုင်ဘာကို နိုဝင်ဘာ (၁၀)ရက် ၄နာရီ ၁၅မိနစ်တွင် ဖမ်းစီးရမိခဲ့ပြီး ဒဂုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန မှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly