စည်းကမ်းပျက်ယာဉ်များအား အရေးယူနိုင်ရန် YRTA မှ ယာဉ်စစ်ကား ၁၃ စီးဖြင့် စစ်ဆေးနေ

စည်းကမ်းပျက်ယာဉ်များအား အရေးယူနိုင်ရန် YRTA မှ ယာဉ်စစ်ကား ၁၃ စီးဖြင့် စစ်ဆေးနေ
ဓာတ်ပုံ - Yangon Bus Service

 

ရန်ကုန်၊ အောက်တိုဘာလ ၁၁ ။                      ။ စည်းကမ်းပျက် YBS ယာဉ်များအား ထိရောက်စွာအရေးယူနိုင်ရန် YRTA မှ ယာဉ်စစ်ကား ၁၃ စီးဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပိုင်သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာ ပိုင်အဖွဲ့ (YRTA)မှ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က မဇ္စျိမသို့ ပြောသည်။

“ အခုဆိုရင် စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကို ထိရောက်စွာအရေးယူနိုင်ဖို့အတွက် ဆရာတို့ YRTA က ယာဉ်စစ်ကား ၁၃ စီးနဲ့ စစ်ဆေးနေပါတယ်။ တွေ့တာနဲ့ ထိထိရောက်ရောက် အရေးယူသွားမယ်”ဟု ဒေါက်တာ မောင်အောင်က ပြောသည်။

ထို့ပြင် YRTA မှ ယာဉ်စည်းကမ်းထိန်းသိမ်းအဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှလည်း ရန်ကုန်မြို့တွင်းရှိ ကားမှတ်တိုင်များနှင့် ယာဉ်ကြောကြပ်သည့် နေရာများတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အများပိုင်ကုမ္ပဏီများမှ စည်းကမ်းဖောက်ဖျက်သော ယာဉ်များအား အရေးယူမှုအနေဖြင့်လည်း YBS စနစ် စတင်သည့် ဇန်နဝါရီလ ၁၆ ရက်နေ့မှ စက်တင်ဘာလ ရ ရက်နေ့ထိ ကုမ္ပဏီ ၃ ခုမှ ယာဉ်မောင်း ၅၆ ဦးကို ရာသက်ပန် ထုတ်ပယ်လိုက်သည်။

အဆိုပါ ယာဉ်မောင်းများကို ရာသက်ပန် ထုတ်ပယ်လိုက်ခြင်းမှာ ခိုက်ရန်ဖြစ်ပွားခြင်း၊ အရက်သေစာသောက်စား ကာ ယာဉ်မောင်းခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်း၊ ခရီးသည် များအား မချေမငံ ဆက်ဆံခြင်း၊ မီးနီဖြတ်မောင်းခြင်း၊ YRTA မှ သတ်မှတ်ထားသော အချက်ကြီး ၄ ချက်အား ဖောက်ဖျက်ကျူးလွန်ခြင်း၊ ကုမ္ပဏီစည်းကမ်းများ မလိုက်နာခြင်း၊ ယာဉ်စီးခများ ခိုးယူခြင်းနှင့် ခရီးသည်များထံက ယာဉ်စီးခများ တောင်းခံခြင်းများ ပြုလုပ်ခဲ့သဖြင့် ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကို ဆရာတို့က တဖြည်းဖြည်းနဲ့တော့ တစ်စီးချင်းလည်း အရေးယူမယ်။ တကယ်လို့ စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေက များလာမယ်ဆိုရင် ယာဉ်လိုင်းပါ ဆရာတို့ အရေးယူမယ် ”ဟု ဒေါက်တာမောင်အောင်က ပြောသည်။

YRTA အဖွဲ့မှ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်လိုင်းကုမ္ပဏီကို အရေးယူမှုအနေဖြင့်လည်း နိုဝင်ဘာ ၈ ရက်နေ့ညပိုင်းအစည်းအဝေးတွင် ခေတ်သစ်ငြိမ်းချမ်းရေး ကုမ္ပဏီအား  ပြေးဆွဲခွင့် ဖျက်သိမ်းခဲ့သည်။ ခေတ်သစ်ငြိမ်းချမ်းရေးကုမ္ပဏီမှာ တိုင်ကြားစာများသောကိစ္စ၊ ယာဉ်များခွင့်ပြုချက်မရှိဘဲ ထပ်မံတိုးဆွဲခြင်းကိစ္စ၊ ဝန်ဆောင်မှုမပေးနိုင်ခြင်းကိစ္စများနှင့် စည်းကမ်းချိုးဖောက်မှုပိုင်းဆိုင်ရာကိစ္စရပ်များကြောင့် YBS တာဝန်ယူနေ သည့် ကုမ္ပဏီတစ်ခုအဖြစ်မှ YRTA မှ ရပ်စဲလိုက်ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required