Air Bagan လေကြောင်းလိုင်း ကိုယ်ပိုင်လေယာဉ်ဖြင့် ပြေးဆွဲခြင်းခေတ္တရပ်

Air Bagan လေကြောင်းလိုင်း ကိုယ်ပိုင်လေယာဉ်ဖြင့် ပြေးဆွဲခြင်းခေတ္တရပ်
photo - Kyaw Zwar Myint FB

ရန်ကုန် (မဇ္ဈိမ) ။ ။ ရင်းနှီးမြှုပ်နှံတည်ထောင်ခဲ့သူ ဦးတေဇ၏ Air Bagan လေကြောင်းလိုင်းသည် ၎င်း၏ ကိုယ်ပိုင်လေယာဉ်ဖြင့် ပြေးဆွဲမှုအား ခေတ္တရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ထားသည်။

လက်ခံထားပြီးသား ကြိုတင်လက်မှတ်များနှင့် ခရီးသည်များကို Asian Wings မှ ပြေးဆွဲလျက်ရှိသည့် YJ/W9 (Code Share) Flight များနှင့် ပြောင်းရွှေ့ပျံသန်းပေးလျက်ရှိသည်ဟုပါရှိသည်။

Air Bagan ၏ လက်မှတ်များကိုလည်း ပုံမှန် ဆက်လက်ရောင်းချလျက်ရှိပြီး High Season အမီ အောက်တိုဘာလအတွင်း ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့က ရာသီဥတုအခြေအနေအရ လေယာဉ်ပြေးလမ်းချော်ခဲ့ခြင်းကြောင့် လေယာဉ် တစ်စီးသာ ကျန်ရှိသည်။ ကျန်သည့်လေယာဉ်မှာလည်း ပုံမှန်စစ်ဆေးမှု ပြုလုပ်ရန် အချိန်ကျနေသဖြင့် Air Bagan ၏ ခရီးစဉ်များကို ပြေးဆွဲရန် အခက်အခဲဖြစ်သွားရသည်။

ထို့ပြင် Air Bagan အနေဖြင့် နိုင်ငံရေးပိတ်ဆို့မှုများကြောင့် လေယာဉ်ထပ်မံဝယ်ယူနိုင်ရန် အခက်အခဲရှိနေသည်။ အခြား လေကြောင်းများနှင့်မတူသည့် အခြားကန့်သတ်ချက်များကြောင့် Air Bagan ၏ အနာဂါတ်ကို သက်ရောက်မှု ကြီးစွာ ဖြစ်စေခဲ့သည်ဟုလည်းဆိုသည်။

ယင်းပြောင်းလဲချက်များနှင့်ပတ်သက်၍လည်း Air Bagan ၏ အရောင်းအေးဂျင့်များနှင့် ခရီးသည်များအား ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့ကတည်းက စာများဖြန့်ဝေပို့ဆောင်လျက် အကြောင်းကြားခဲ့သည်ဟု ၎င်း၏ Face book စာမျက်နှာ၌ ဖော်ပြထားသည်။

Air Bagan လေကြောင်းလိုင်းကို ၂၀၀၄ ခုနှစ်၌ စတင်တည်ထောင်ခဲ့ပြီး ယနေ့ထိ (၁၁) နှစ်ကြာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required