လွှတ်တော်ကို ဒရုန်းဖြင့် ရိုက်ကူးရန် ကြိုးပမ်းစဉ် ဖမ်းခံရသူများ ထောင်ဒဏ်(၂)လစီ ကနဦး ချမှတ်ခံရ

လွှတ်တော်ကို ဒရုန်းဖြင့် ရိုက်ကူးရန် ကြိုးပမ်းစဉ် ဖမ်းခံရသူများ ထောင်ဒဏ်(၂)လစီ ကနဦး ချမှတ်ခံရ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ကျော်က ပြဌာန်းထားတဲ့ ဥပဒေပုဒ်မနဲ့ ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၁၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးကို ဒရုန်းဖြင့် ရိုက်ကူးရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံထားရသူ မြန်မာနိုင်ငံသားနှစ်ဦးနှင့် နိုင်ငံခြားသတင်းထောက်နှစ်ဦး၊ စုစုပေါင်း လေးဦးကို ပထမဆုံးအကြိမ် ရုံးထုတ်သည့် ယနေ့တွင် နောက်ထပ် တိုးလာသည့် ပုဒ်မတစ်ခုဖြင့် သက်ဆိုင်ရာ တရားရုံးက ထောင်ဒဏ် နှစ်လစီ ချမှတ်လိုက်သည်။

ကနဦးက ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ(၈)ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ၁၄ရက်ကြာ ထိန်းသိမ်း စစ်ကြောပြီးနောက် ဇဗ္ဗူသီရိမြို့နယ်တရားရုံးသို့ ပထမဆုံး ရုံးထုတ်လာသည့် ယနေ့တွင်မူ သက်ဆိုင်ရာ လုံခြံုရေးအရာရှိက တရားရုံးသို့ ဦးတိုက်လျှောက်ထားလာသော မြန်မာ့လေယာဉ်အက်ဥပဒေ ပုဒ်မ ၁၀အရ ၎င်းတို့ လေးဦးစလုံးကို ထောင်ဒဏ် ၂လစီ ကျခံစေရန် တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ကျော် ၁၉၄၃ခုနှစ်ကတည်းက ပြဌာန်းခဲ့သည့် အဆိုပါ ဥပဒေပုဒ်မ ၁၀အရ ထောင်ဒဏ် ၃လ သို့မဟုတ် ငွေဒဏ် ငါးသောင်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

“သူ့ပြဌာန်းချက်ကတော့ လေပေါ်ကို ပျံသန်းနိုင်တဲ့ အရာတစ်ခု ခွင့်ပြုချက်မရဘဲ တင်ရင် ဒီပုဒ်မနဲ့ ညှိတယ်ဆိုပြီးတော့ တွက်လို့ရတာပေါ့” ဟု ထောင်ဒဏ်ချမှတ်ခံရသူများဘက်က အမှုလိုက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က အမိန့်ချအပြီးတွင် ပြောသည်။

ပြစ်ဒဏ်ချမှတ်ခံရသူများမှာ တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG တို့နှင့်အတူ မြန်မာနိုင်ငံသား စကားပြန် ကိုအောင်နိုင်စိုးနှင့် ယာဉ်မောင်း ဦးလှတင်တို့ ဖြစ်သည်။

“ကျွန်တော်တို့ကို တရားစွဲထားတာသည် ပို့ကုန်၊ သွင်းကုန် ပုဒ်မ ၈နဲ့ပဲ စွဲထားတယ်လို့ သိထားတယ်။ ဒါပေမယ့် ဒီရောက်မှ ပုဒ်မ ၁၀နဲ့ တရားစွဲတယ်ဆိုတာ သိလိုက်ရတယ်” ဟု ကိုအောင်နိုင်စိုးက ပြောသည်။

အောက်တိုဘာ ၂၇ရက်၊ နံနက် ၁၀နာရီခန့်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇)အနီး၌ ဒရုန်းတစ်စင်းအား လွှတ်တင်ရန် စင်ကာပူနိုင်ငံသား LAU HON MENG ကြိုးပမ်းစဉ် ၎င်းတို့ လေးဦးစလုံးကို လုံခြံုရေးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးခဲ့သည်။ ကနဦး စစ်ဆေးချက်အရ ဒရုန်းသည် တရားဝင် အခွန်ဆောင်ပြီး တင်သွင်းခဲ့ခြင်း မဟုတ်သည့်အတွက်ဟုဆိုကာ ၎င်းတို့အားလုံးကို ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ ၈ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပုဒ်မ ၈ အမှုအတွက် ရှေ့နေဦးခင်မောင်ဇော်က ယနေ့ ရုံးထုတ်တွင် အာမခံလျှောက်ထားမှုကိုလည်း တရားသူကြီးက ပယ်ချကာ နောက်ထပ် ရုံးချိန်းကို ယခုလ ၁၆ရက်တွင် ပြန်လည် ချိန်းဆိုထားပြီး ထိုရုံးချိန်တွင် တရားလိုဘက်က ရဲသုံးဦးကို စတင်စစ်ဆေးမည် ဖြစ်သည်။

ရုံးချိန်းသို့ တရားလို မရောက်လာသည့်အတွက် တရားလိုဘက်ကို စစ်ဆေးနိုင်ခြင်း မရှိသေးခြင်း၊ အမှု အတိမ်အနက်ကို မသိသေးခြင်း၊ တရားခံဟု စွပ်စွဲခံထားရသူများဘက်က အမှုတွင် မည်မျှ ပါဝင်ပတ်သက်သည်ကို မသိသေးခြင်းတို့ကြောင့်ဟုဆိုကာ အာမခံလျှောက်ထားမှုကို တရားသူကြီးက ပယ်ချခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့ကို ရမည်းသင်း အကျဉ်းထောင်တွင် ထားမည်ဟု သိရသည်။

ဖမ်းဆီးခံရထားရစဉ် ၁၄ရက်အတွင်း ၎င်းတို့ လေးဦးစလုံးကို မိသားစုနှင့် ရှေ့နေများက တွေ့ဆုံခွင့်မရခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags