ဒုတိယမြောက် တစ်ကိုယ်တော်ရှိုးပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေတဲ့ ၀ိုင်းစုခိုင်သိန်း

ဒုတိယမြောက် တစ်ကိုယ်တော်ရှိုးပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေတဲ့ ၀ိုင်းစုခိုင်သိန်း

ရန်ကုန် ၊ နိုဝင်ဘာ ။       ။ အဆိုတော် ၀ိုင်းစုခိုင်သိန်း ၏ ဒုတိယမြောက် တစ်ကိုယ်တော် ရှိုးပွဲကို ဒီဇင်ဘာ ၂၄ရက်တွင် ကျင်းပ ပြုလုပ်ရန် စီစဉ်ထားပြီး လက်ရှိတွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ အတွက် Dream Lover Band နှင့်အတူ သီချင်းများ စတိုက်နေပြီ ဖြစ်သည်။

အဆိုတော် ၀ိုင်းစုခိုင်သိန်း သည် ၎င်း၏ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ၂၀၁၅ ခုနှစ် ၌ ရန်ကုန်မြို့ရှိ Myanmar Event Park ၌ ကျင်းပပြုလုပ်ခဲ့ပြီး ယခု ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ဖြစ်သည်။

ဒုတိယမြောက် တစ်ကိုယ်တော် ရှိုးပွဲ ကျင်းပပြုလုပ်မည့် ဒီဇင်ဘာ ၂၄ရက် သည် အဆိုတော် ၀ိုင်းစုခိုင်သိန်း ၏ မွေးနေ့လည်း ဖြစ်သည့် အတွက် မွေးနေ့တွင် အမှတ်တရအဖြစ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပ ပြုလုပ် ခြင်းလည်း ဖြစ်သည်။

အဆိုတော် ၀ိုင်းစုခိုင်သိန်း က “ One lady show အတွက် Dream lover band နဲ့ သီချင်းတိုက် ဝိုင်းစုရဲ့ One lady showကို ပထမတော့ ရန်ကုန် တစ်ပွဲပဲ လုပ်ဖို့ စဉ်းစားထားတာပါ ။ ဒါပေမဲ့ ချစ်ဆုံး ပရိသတ်များက မန္တလေး မှာလည်း လုပ်စေချင်တဲ့ အတွက် ရန်ကုန်ရော မန္တလေးမှာပါ လုပ်ဖြစ်ပါမယ်လို့ ရန်ကုန်က 24.12.2017 မန္တလေးက 16.1.2018 ပါ ချစ်ပရိတ်သတ်တွေ အားလုံးနဲ့  ဆုံချင်ပါတယ်လို့ အဆင်ပြေရင် လာအားပေးကြပါဦးနော်” လို့ ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် ရေးသား ထားသည်။

တစ်ကိုယ်တော် ဖျော်ဖြေပွဲအပြင် လက်ရှိတွင် မယ်သီတာ ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် တေးအယ်ဘမ်ကို ထွက်ရှိထားသလို ၂၀၁၆ ခုနှစ်၌ ထွက်ရှိထားသည့် ဂါ ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် တေးအယ်ဘမ်ကို လည်း MTV အဖြစ် ပုံဖော် ရိုက်ကူးထားပြီး နိုဝင်ဘာလထဲတွင် ထွက်ရှိရန် စီစဉ် ထားသည်။

ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားသည့် အဆိုတော် ၀ိုင်းစုခိုင်သိန်း သည် ၎င်း၏ ဒုတိယမြောက် တစ်ကိုယ်တော် ရှိုးပွဲအတွက် Dream Lover Band နှင့်အတူ တေးသီချင်းများ စတိုက်နေပြီ ဖြစ်ပြီး သေချာပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကာ ထူးခြားသည့် အစီအစဉ်များလည်း ပါ၀င်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly