ပရိသတ်များနှင့်အတူ စာအုပ်နှင့်ရုပ်ရှင်အကြောင်းဆွေးနွေးခဲ့သည့် BTS အဖွဲ့မှ RM

ပရိသတ်များနှင့်အတူ စာအုပ်နှင့်ရုပ်ရှင်အကြောင်းဆွေးနွေးခဲ့သည့် BTS အဖွဲ့မှ RM

 

တောင်ကိုရီးယား၏ နာမည်ကျော်ပေါ့ပ်ဂီတအဖွဲ့ BTS ၏ အဖွဲ့ဝင်ဖြစ်သူ RM( Rap Monster) သည် နိုဝင်ဘာ ၉ ရက်နေ့က V Live ဖြင့် Live လွှင့်ကာ ပရိသတ်များနှင့်အတူ သူ၏ဥရောပခရီးစဉ် အကြောင်းနှင့် ရုပ်ရှင်များ၊ စာအုပ်များ၊ အမေရိကန်ရုပ်သံအစီအစဉ်နှင့် အမေရိကန်ဂီတဆုပေးပွဲတို့ကို တက်ရောက်မည့်အကြောင်းအား ဆွေးနွေးခဲ့သည်။

ရုပ်ရှင်နှင့်ပက်သက်၍ RM က မကြာခင်ကမှသူကြည့်ခဲ့သည့် ကိုရီးယားသမိုင်းနောက်ခံရုပ်ရှင် “The Fortress” နှင့် စူပါဟီးရိုးရုပ်ရှင် “Thor: Ragnarok” အကြောင်းအား ဆွေးနွေးခဲ့သည်။ RM က “တချို့လူတွေက သမိုင်း စာအုပ်တွေကို ဖတ်ရတာ ပျင်းရိကြပါတယ်။ ဒါပေမယ့်ကျနော့်အတွက်တော့ သမိုင်းဆိုတာ တွေးစရာတွေ အများကြီးကိုပေးပါတယ်” ဟု The Fortress နှင့် ပတ်သက်၍ မှတ်ချက်ပေးခဲ့သည်။

ထို့နောက် RM က သူသည် Thor: Ragnarok ရုပ်ရှင်ကို IMAX ၌ကြည့်ရှုခဲ့ပြီး ထိုရုပ်ရှင်မှဇာတ်ကောင် Loki ကို ချီးကျူးခဲ့သည်။ “Loki က တကယ့်ကိုမိုက်တယ်ဗျ။ Thor လည်း မိုက်ပါတယ်။ ဒါပေမယ့် Loki က အရမ်းကို sexy ကျပြီးတော့ Thor ကတော့ ရယ်ရပါတယ်” ဟု RM က မှတ်ချက်ပေးခဲ့သည်။

ဆက်လက်ပြီး RM က သူသည် စာဖတ်ခြင်းကိုနှစ်သက်ကြောင်းနှင့် မကြာခင်ကမှ သူဖတ်ထားခဲ့သည့် စာအုပ် ၃ အုပ်နှင့်ပက်သက်၍ သူ၏ထင်မြင်ချက်များကိုပြောခဲ့သည်။ ပထမဦးဆုံးအနေဖြင့် သူသည် ဟာယူကီ မူရာ ကာမီ၏ Killing Commendatore အမည်ရှိစာအုပ်အကြောင်းကိုပြောခဲ့သည်။ သူက “ကျနော်ဒီစာအုပ်ကို Love Yourself အခွေအတွက် သတင်းစာရှင်းလင်းပွဲလုပ်တုန်းက ဖတ်ခဲ့တာပါ။ ဒါကြောင့်အပြီးဖတ်ဖို့ အချိန် နည်းနည်းတော့ကြာသွားပါတယ်။ ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ အရင်ကဖတ်ခဲ့တဲ့ ဆရာမူရာကာမီရဲ့ စာအုပ်တွေကနေရခဲ့တဲ့ ခံစားမှုတွေကို ဒီစာအုပ်ထဲမှာ သိပ်မရလိုက်ပါဘူး” ဟု မှတ်ချက်ပေးခဲ့သည်။

ဒါ့အပြင် သူသည် ဆရာဟန်ကန်၏ “Human Acts: A Novel” နှင့် ဆရာမချိုနမ်းဂျူး၏ “Kim Ji Young Born in 1982” ဟုအမည်ရသော ကိုရီးယားစာအုပ်များကို ဖတ်ခဲ့ကြောင်းပြောခဲ့ပြီး ထိုစာအုပ်နှစ်အုပ်စလုံးသည် သူ့ကို ခံစားမှုများစွာ ပေးစွမ်းနိုင်ခဲ့ကြောင်း မှတ်ချက်ပေးခဲ့သည်။

နောက်ဆုံးအနေဖြင့် RM က အမေရိကန်ရုပ်သံအစီအစဉ်များဖြစ်ကြသည့် “Jimmy Kimmel Live” ၊“ The Ellen Show” နှင့် အမေရိကန်ဂီတဆုပေးပွဲ AMA တို့ကို မကြာခင်တွင် တက်ရောက်ရမည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားဝမ်းသာနေကြောင်း ပြောဆိုကာ သူ၏ Live ထုတ်လွှင့်မှုကို အဆုံးသတ်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required