ဖျက်သိမ်းခံရသောကုမ္ပဏီ၏ YBS ယာဉ်လိုင်း ၅ လိုင်းအား ကုမ္ပဏီသုံးခုကို လွှဲပြောင်း

ဖျက်သိမ်းခံရသောကုမ္ပဏီ၏ YBS ယာဉ်လိုင်း ၅ လိုင်းအား ကုမ္ပဏီသုံးခုကို လွှဲပြောင်း

 

ရန်ကုန်၊နိုဝင်ဘာ၁၀ ။            ။ စည်းကမ်းဖောက်ဖျက်မှုကြောင့် ပြေးဆွဲခွင့် ဖျက်သိမ်းခံလိုက်ရသော ခေတ်သစ်ငြိမ်းချမ်းရေးကုမ္ပဏီ၏ မြို့တွင်းချိတ်ဆက်ယာယာဉ်လိုင်းနှင့် မြို့ပြင်ယာဉ်လိုင်း ၅ လိုင်းအား အခြားကုမ္ပဏီ ၃ ခုသို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA)က လွှဲပြောင်းပေးအပ်ခဲ့သည်။

ယာဉ်လိုင်းများဖြစ်သော YBS ၁ ၊ YBS ၉ ၊ YBS ၁၆ ၊ YBS ၂၂ ၊ YBS ၃၃၊ YBS ၄၁ တို့အား လွှဲပြောင်းပေးလိုက် ခြင်းဖြစ်ပြီး YBS ၂၂ ၊ YBS ၄၁ တို့အား Power Eleven ကုမ္ပဏီသို့ လည်းကောင်း၊ YBS ၃၃ ကို Tran Link ကုမ္ပဏီသို့ လည်းကောင်း၊ YBS ၁ ၊ YBS ၉ ၊ YBS ၁၆ တို့ကို ရန်ကုန်ရွှေမြို့တော်သယ်သူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ(Golden Yangon City Transporation Public Co,Ltd) သို့လည်းကောင်း လွှဲပြောင်းပေးအပ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်လိုင်း ၅ လိုင်းအနက် ယာဉ်လိုင်း ၂ ခုအား Power Eleven ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲမည် ဖြစ်ကြောင်း Power Eleven ကုမ္ပဏီမှ ကိုတရုတ်လေးက ပြောသည်။

"မူလရှိနေသောယာဉ်များ၊ မူလရှိနေသောဝန်ထမ်းများ၊ မူလရှိနေသောယာဉ်လိုင်းအုပ်ချုပ်သူများနဲ့ ကျွန်တော်တို့ စညး်ကမ်းထိမ်းသိမ်းရေးအပိုင်းကို လုပ်ပါမယ်။ နောက်တစ်ဆင့် ဝန်ဆောင်မှုအပိုင်း မြှင့်တင်ရေးကို စနစ်တကျလုပ်ပါမယ်"ဟု Power Eleven ကုမ္ပဏီမှ ကိုတရုတ်လေးက ပြောသည်။

YBS ၄၁ မှာ မှော်ဘီမှ သခင်မြပန်းခြံအထိပြေးဆွဲနေပြီး YBS ၂၂ မှာ ထန်းတပင်မှ သခင်မြပန်းခြံအထိ ဖြစ်ပြီး YBS ၃၃ မှာ ကျောက်တန်းမှ တာမွေသို့ ပြေးဆွဲနေသည်။

မူလယာဉ်ပိုင်ရှင်များ၊ ၀န်ထမ်းများကို ဆက်လက်ခန့်ထားမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြေးဆွဲသွားမည် ဟု  အဆိုပါယာဉ်လိုင်းများ၏ ကုမ္ပဏီအသစ်များဘက်က ပြောသည်။

"လက်ရှိယာဉ်ပိုင်ရှင်တွေကို ကျွန်တော်တို့က မပစ်ပယ်ပါဘူး။ ပစ်ပယ်လို့လည်း မရပါဘူး။ ကျွန်တော်တို့ကို အရင်ကတည်းက ၀န်ကြီးချုပ်က ပြောထားပြီးသားပါ။ အတတ်နိုင်ဆုံးဒီစနစ်မှာ စနစ်ကျတဲ့ပုံစံမျိုးကိုပဲဝင်ဖို့ ကြိုးစားသွားမှာပါ"ဟု GYCT(ရန်ကုန်ရွှေမြို့တော်သယ်သူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီ)မှ အုပ်ချုပ်သူ ကိုဖြိုးဟေမာန်က ပြောသည်။

ခေတ်သစ်ငြိမ်းချမ်းရေးကုမ္ပဏီသည် နိုဝင်ဘာ ၈ ရက်နေ့ညပိုင်းအစည်းအဝေးတွင် တိုင်ကြားစာများကိစ္စ၊ ယာဉ်များခွင့်ပြုချက်မရှိဘဲ ထပ်မံတိုးဆွဲခြင်းကိစ္စ၊ ဝန်ဆောင်မှုမပေးနိုင်ခြင်းကိစ္စနှင့် စည်းကမ်းချိုးဖောက်မှုပိုင်း ဆိုင်ရာကိစ္စရပ်များကြောင့် YBS တာဝန်ယူနေသည့် ကုမ္ပဏီတစ်ခုအဖြစ်မှ YRTA မှ ရပ်စဲလိုက်ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly