အိန္ဒိယ-မြန်မာအကြား ဆက်ဆံရေး တိုးတက်ခိုင်မာလာကြောင်း အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ ပြော

အိန္ဒိယ-မြန်မာအကြား ဆက်ဆံရေး တိုးတက်ခိုင်မာလာကြောင်း အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ ပြော
ဓာတ်ပုံ- နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးကျော်ဇေယျ

နိုဝင်ဘာ ၁၀ ။             ။ မြန်မာနဲ့ အိန္ဒိယအကြား ဆက်ဆံရေးဟာ ခိုင်ခိုင်မာမာ တိုးတက်နေလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးကျော်ဇေယျ က ပြောကြားလိုက်ပါတယ်။

""အိန္ဒိယ-မြန်မာ ဆက်ဆံရေး- ရှေ့သို့ ဆက်ချီတက်လှမ်းခြင်း" ကွန်ဖရင့် ဖွင့်ပွဲမှာ ဦးကျော်ဇေယျက အထက်ပါ အတိုင်း ပြောဆိုလိုက်ပြီး တစ်ဆက်တည်းမှာလည်းပဲ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဟာ ၁၉၉၈ ခုနှစ်က ဒေါ်လာ ၃၂၃ သန်း သာ ရှိခဲ့ရာကနေ ယမန်နှစ်မှာတော့ ဒေါ်လာ ၂ ဒသမ ၆၅ ဘီလီယံထိ ရှိခဲ့ပြီး အဆပေါင်းများစွာ တိုးတက်ခဲ့ပါကြောင်း ပြောကြားသွားပါတယ်။

" နယ်စပ်ကုန်သွယ်မှု ဒီထက်ပိုတိုးတက်လာတဲ့အခါ၊ ကုန်သွယ်စာရင်းထဲမှာ အမျိုးအမည်သစ်တွေ ထပ်ဖြည့် လာနိုင်တဲ့အခါမျိုးဆိုရင် ဒီထက်ပိုတိုးတက်နိုင်စရာ အခွင့်အလမ်းတွေ မြင်တွေ့နိုင်ပါတယ်" ဆိုပြီး ၎င်းက ပြောပါတယ်။

အလားတူ မြန်မာကျောင်းသားတွေကို အိန္ဒိယဘက်က စကောလားရှစ် အခွင့်အလမ်းတွေ ကမ်းလှမ်းပေးမှုပိုင်း မှာလည်း မြင့်တက်လာခဲ့ပြီး ယခုဆိုရင် ၅၀၀ ကျော်ထိ ရှိနေပြီ ဖြစ်ကြောင်း ဦးကျော်ဇေယျက ထပ်လောင်း ပြောကြားပါတယ်။

" ပညာသင်ကြားနိုင်မယ့် အခွင့်အလမ်းတွေ ရှိနေတဲ့ အိန္ဒိယကို မြန်မာကျောင်းသားတွေ သွားရောက်ကြတာကို မြင်ရတာထက် ပိုပြီးစိတ်ကျေနပ်စရာ ရှိနိုင်မယ် မထင်တော့ပါဘူး" လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်များတွင် တည်ငြိမ်အေးချမ်းမှု၏ အရေးပါပုံကိုလည်း ၎င်းက အလေးထား ပြောကြား သွားပါတယ်။

" ကျွန်တော်တို့ရဲ ့နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်းမယ်ဆိုရင် ကျွန်တော်တို့ကြားက ဆက်ဆံမှုတွေ၊ ကုန်သွယ်မှုတွေ၊ ပြည်သူတွေအချင်းချင်း ဆက်ဆံမှုတွေက ပိုတိုးမြင့်သွားမှာဖြစ်ပါတယ်" ဆိုပြီး ဦးကျော်ဇေယျက ပြောပါတယ်။

နယ်စပ်ဒေသတွေမှာ အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းဖို့အတွက် လုံခြံုရေးပိုင်း ပိုမိုပူးပေါင်းသွားရေး အိန္ဒိယ သံအမတ်ကြီး Vikram Misri ရဲ့ ပြောစကားအတိုင်း ဦးကျော်ဇေယျက ပြောဆိုသွားတာဖြစ်ပါတယ်။

ယင်းအပြင် သံအမတ်ဟောင်းတစ်ဦးဖြစ်သလို MISIS ဥက္ကဌလည်းဖြစ်တဲ့ ဦးညွန့်မောင်ရှိန်ကလည်း နှစ်နိုင်ငံအကြား think tanks (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြံပေးအဖွဲ့များ) များအကြား ပိုမိုပူးပေါင်းဆောင်ရွက်သွားရေး အလေးပေးပြောကြားသွားပါတယ်။

"လိုချင်တဲ့ အောင်မြင်မှုရလဒ်တွေ ရရှိစေဖို့ ဘယ်လို နယ်ပယ်ဧရိယာတွေမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ မဟာဗျူဟာတွေ တိုးမြင့်ချမှတ်လုပ်ဆောင်သွားနိင်မလဲ ဆိုတာ ဖော်ထုတ်သွားဖို့ အရေးကြီးပါတယ်" လို့၎င်းက ပြောပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတွေက နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာစေမယ့် အဓိက မောင်းနှင်အားတွေ ဖြစ်လာလိမ့်မယ်လို့လည်း ၎င်းက ဆိုပါတယ်။

" ကျွန်တော်တို့လို လူအများစုအတွက်ကတော့ ဒီမိုကရေစီအရေး ကြိုးစားလှုပ်ရှားခဲ့ကြတဲ့အခါမှာတော့ အိန္ဒိယဆိုတာက နေအိမ်လို ဖြစ်ခဲ့ပါတယ်" ဆိုပြီး မဇျ္စိမ မီဒီယာ အယ်ဒီတာချုပ် ဦးစိုးမြင့်က ပြောကြားပါတယ်။

" ခုလို ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအပေါ်မှာ အိန္ဒိယပြည်သူတွေ ခိုင်ခိုင်မာမာ ထောက်ခံအားပေးကြတာကို မြင်ရတော့ ကျွန်တော်တကယ့်ကို ဂုဏ်ယူဝမ်းမြောက်ရပါတယ်၊ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအရေးကို ပိုခိုင်မာစေဖို့အတွက် နှစ်နိုင်ငံ အထူးသဖြင့် နှစ်ဘက်ပြည်သူတွေအနေနဲ့ အတူတကွလက်တွဲလုပ်ဆောင်ကြရပါမယ်" လို့ ဦးစိုးမြင့်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required