“ ကျွန်တော်တို့ရဲ့ကြိုးစားဆောင်ရွက်မှုကို အသိအမှတ်ပြုပေးပါလို့ ပြောချင်ပါတယ်”

“ ကျွန်တော်တို့ရဲ့ကြိုးစားဆောင်ရွက်မှုကို အသိအမှတ်ပြုပေးပါလို့ ပြောချင်ပါတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း

နိုဝင်ဘာ ၁၀ ။          ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အများစု အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် နေ့က ၂ နှစ်ပြည့်မြောက်ခဲ့ပါတယ်။ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ရွေးကောက်ပွဲကြွေးကြော်သံနဲ့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ NLD အနေနဲ့ ၂ နှစ်တာကာလအတွင်းမှာ အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်ပြီလား၊ ရွေးကောက်ပွဲကြေညာစာတမ်းပါ ကတိကဝတ်တွေကို ဖြည့်ဆည်းပေးနိုင်ပြီလား စတဲ့ မေးခွန်းတွေဟာ ပြည်သူတွေ အကြားမှာ မေးခွန်းထုတ်စရာတွေ ဖြစ်လာနေပါပြီ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကို မဇ္စျိမသတင်းထောက် ဇေယျာမော်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- ရွေးကောက်ပွဲ နှစ်နှစ်ပြည့်သွားပြီ။ ဆိုတော့ အဓိက ရွေးကောက်ပွဲမဲဆွယ်ကတိဖြစ်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဲ့ဒါ ဘယ်လိုအခြေအနေရှိလာပြီးလဲခင်ဗျ။

ဖြေ- ကျွန်တော်တို့ ကြိုးစားတုန်းပါခင်ဗျာ။ ကြိုးစားတုန်းဆိုတာ အလွယ်တကူ ပြောတာ မဟုတ်ပါဘူး။ တကယ်တမ်းကို ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ ဘာကြောင့် အသေးစိတ်မပြောနိုင်လဲဆိုရင် ဒီကတိကဝတ် ကျေဖို့ဆိုတာ တစ်တိုင်းပြည်လုံးညီညွတ်သွားမှဖြစ်မှာ တစ်တိုင်းပြည်လုံး ညီညွတ်သွားဖို့ ဆိုတာကို အခု ကျွန်တော်တို့ ကြိုးစားဆောင်ရွက်တဲ့အထဲမှာ အဓိက အချက်ပါပဲ။ အဲ့ဒါရလို့ရှိရင် အောင်မြင်မှုလမ်းကြောင်း ရပါမယ်။ ကျွန်တော်တို့ ကြိုးစားတုန်းပါပဲလို့ ပြောချင်ပါတယ်။

မေး- ဒီ ၂နှစ်တာကာလအတွင်းမှာ NLD ရည်မှန်းထားတာတွေရော လုပ်ဆောင်နိုင်ပြီလား။

ဖြေ- ဒီမိုကရက်တစ်အစိုးရတစ်ခုတော့ ထူထောင်နိုင်ပါတယ်။ ပြီးပြည့်စုံတော့ ဒီမိုကရက်တစ် တော့ မဟုတ်သေးဘူးပေါ့။ သို့သော်လည်း ထူထောင်နိုင်တဲ့ ဒီမိုကရေစီအစိုးရတစ်ခုတော့ ထင်ထင်ရှားရှား အခုထိ ရှိနေပါသေးတယ်။

မေး-  ဘယ်လိုအရာမျိုးတွေ မလုပ်ဆောင်နိုင်တာရှိလဲ။

ဖြေ-  တပ်မတော်က မြန်မာ့နိုင်ငံရေးမှာ ပါ၀င်ဆောင်ရွက်မှုနဲ့ ပတ်သက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ကိစ္စရပ်တွေကိုတော့ ပြီးပြတ်ကျေလည်ခြင်းမရှိသေးပါဘူး။

မေး- ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ တရားမျှတစွာ အကာအကွယ်ပေးနိုင်တဲ့ အုပ်ချုပ်မှုစနစ် ပေါ်ပေါက်လာရေးဆိုတဲ့ ကတိပေးထားတယ်။ အဲ့ကတိ ပြည်သူတွေကို ဖြည့်ဆည်းပေးနိုင်ပြီးလို့ ဆိုနိုင်မလား။

ဖြေ- အများကြီး ဖြည့်ဆည်းပေးနိုင်ပါတယ်။ အားလုံးဆိုတာတော့ ဘယ်တော့မှ မရှိနိုင်ပါဘူး။ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီးအများကြီး ဆောင်ရွက်နိုင်ပါတယ်။ မဆောင်ရွက်နိုင်တာတွေလည်း အများကြီး ကျန်သေးတယ်လို့ တစ်ခါတည်း ပြောချင်ပါတယ်။

မေး- နိုင်ငံရဲ့ စီးပွားရေးအခြေအနေက တန့်သွားတဲ့အပြင် ကျလာတယ်ဆိုတဲ့ ပြောဆိုဝေဖန်မှုတွေ ရှိနေတယ်။ ဆိုတော့ နိုင်ငံရဲ့ စီးပွားရေးပတ်သက်ပြီး NLD အနေနဲ့ ဘယ်လိုဆက်လုပ်သွားဖို့ ရှိနေလဲ။

ဖြေ- စီးပွားရေးက လက်ရှိအားဖြင့် ကျသွားတယ်လို့ ပြောလို့မရဘူး။ တိုးတက်သင့်တာကို တိုးတက်မလာတာပဲ ရှိတယ်။ ကျသွားတယ်ဆိုတာ မဟုတ်ပါဘူး။ စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာ ကော်မတီ အသီးသီးက နေ့စဉ် ကြိုးစားဆောင်ရွက်နေကြတာကို သိနေရပါတယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး သင့်တင့်တဲ့ အဖြေတော့ ကျွန်တော်မပေးနိုင်ပါဘူး။ စီးပွားရေးနဲ့ သိပ်အကျွမ်းတဝင်မရှိလို့ပါ။

မေး- ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ဆောင်ရွက်ချက်တွေက ဘယ်လိုအခြေအနေရှိလဲ။

ဖြေ- အစိုးရက မဆောင်ရွက်ခင်မှာ ပထမဆုံး အောက်တိုဘာလမှာ မြန်မာနိုင်ငံအစိုးရက အကြမ်းဖက်မှုကို ခံလိုက်ရတယ်။ ဒီအကြမ်းဖက်မှုက နောက်ထပ်ဖြစ်လာတဲ့အခါမှာ မြန်မာနိုင်ငံ အစိုးရကို အပြစ်မတင်သင့်ဘူး။ အကြမ်းဖက်မှုကို ကျင့်သုံးတဲ့ လူတွေအပေါ်မှာသာ ဒီလိုအပြစ်မျိုးထားသင့်တယ်။ ဒီလိုမေးခွန်းမျိုး မေးခံထိုက်သင့်တယ်လို့ ထင်ပါတယ်။

မေး- ၂ နှစ်တာကာလအတွင်းမှာ တိုင်းဒေသကြီး ၀န်ကြီးချုပ် တစ်ဦးကို ပြောင်းလဲခဲ့တယ်။ နောက်ထပ် ၀န်ကြီးချုပ်တွေရော အပြောင်းအလဲရှိလာနိုင်သေးလား။

ဖြေ- သူတို့ရဲ့ ဆောင်ရွက်ချက်အပေါ်မှာ မူတည်ပါတယ်။ ပြောင်းလဲဖြစ်အောင် ဆောင်ရွက်ခဲ့ကြရင်တော့ အပြောင်းအလဲက ဖြစ်မှာပါပဲ။

မေး- ဆိုလိုတာက ၀န်ကြီးချုပ်တွေရဲ့ စွမ်းဆောင်ရည်ပေါ်မှာပဲ ကြည့်ပြီး သုံးသပ်သွားမယ်ဆိုတဲ့ သဘောမျိုးလား။

ဖြေ- စွမ်းဆောင်ရည်တော့မဟုတ်ပါဘူး။ စေတနာပေါ့၊ စေတနာကောင်းကောင်းနဲ့ လုပ်ရင်ဘာမှမဖြစ်ပါဘူး။ စေတနာမမှန်ရင်သာ အဲ့ဒီအတိုင်းအကျိုးဆက်ကဖြစ်လာမှာပါ။

မေး- ပြည်ထောင်စုဝန်ကြီးတွေပေါ့နော်၊ စွမ်းဆောင်ရည် မကောင်းတဲ့ ၀န်ကြီးတွေကို လဲလှယ်သင့်ပြီ ဆိုတဲ့ အကြံပြုချက်တွေရှိနေတော့ ၀န်ကြီးတွေရဲ့ အခြေအနေကရော ဘယ်လိုဖြစ်မလဲ။

ဖြေ- သက်ဆိုင်ရာ ၀န်ကြီးတွေကိုပဲ အသေးစိတ်မေးပါခင်ဗျာ။ ကျွန်တော်တို့က အပေါ်ကနေပြီး အသေးစိတ် ပြောလို့ မရပါဘူး။

မေး- ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲဝင်ခဲ့တယ်။ အမှန်တကယ် ပြောင်းလဲနိုင်ခဲ့ပြီ လားခင်ဗျ။

ဖြေ- ပြောင်းလဲနေပါတယ်။ ပထမဆုံး ဖြေခဲ့တဲ့အထဲမှာ ပါပါတယ်။ ပြောင်းလဲနေပါတယ်၊ ပြီးပြည့်စုံတယ် လို့တော့ မပြောချင်ပါဘူး။

မေး- ရွေးကောက်ပွဲလုပ်တာ ၂ နှစ်ပြည့်သွားပြီ။ မဲပေးခဲ့တဲ့ ပြည်သူတွေကိုရော ဘာပြောချင်တာ ရှိသေးလဲခင်ဗျ။

ဖြေ- ဒီလိုအပြောင်းအလဲမျိုးက အင်မတန်လေးနက်တယ်။ သိမ်မွေ့တယ်၊ အားလုံးက နားလည်ခွင့်လွှတ် ပြီးတော့ ကျွန်တော်တို့ရဲ့ကြိုးစားဆောင်ရွက်မှုကို အသိအမှတ်ပြုပေးပါလို့ ပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags