NCA ရေးထိုးရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ သဘောတူညီချက်ရယူရန်သာ ကျန်ရှိတော့ဟု UNFC ဆို

NCA ရေးထိုးရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ သဘောတူညီချက်ရယူရန်သာ ကျန်ရှိတော့ဟု UNFC ဆို

ရန်ကုန်၊ နိုဝင်ဘာ ၉ ။              ။ ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ရေးထိုးရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ သဘောတူညီချက်ရယူရန်သာကျန်ရှိ တော့ကြောင်း DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်ကပြောသည်။

'' ပြီးလုဆဲဆဲဖြစ်ပါပြီ။ အထက်ကိုတင်ပြပြီး သဘောတူညီချက်ယူဖို အဲ့တာလေးပဲလိုမယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်'' ဟု ခူဦးရယ်ကဆိုသည်။

UNFC မှဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့(DPN) ဘက်မှ အစိုးရထံ အဆိုပြုထားသည့် အချက် ၈ ချက်အနက် အစိုးရဘက်မှ ပြန်လည်ပြင်ဆင်လိုသည့် အဆိုပြုချက် (၁) နှင့် (၂) ကို ယနေ့ဆွေးနွေးအပြီး ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ နှစ်ချက်မှာ အစိုးရနှင့် တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ၂၄ နာရီ အတွင်း ကြေညာပေးရန် နှင့် အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံကို တည်ဆောက်သွားရန် တို့ဖြစ်သည်။

ထို့အပြင် နှစ်ဖက် အဖွဲ့အစည်းများသို့ တင်ပြပြီးပါက အဆုံးသတ်ဆွေးနွေးရန်အတွက် လာမည့် တစ်ပတ် နှစ်ပတ်အတွင်း ထပ်မံဆွေးနွေးကြရန် သဘောတူညီထားကြောင်း အစိုးရငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်ဦးဇော်ဌေးကဆိုသည်။

UNFCသည်အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့်တစ်နှစ်ခွဲကျော်ကြသည်အထိ အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းလည်းဖြစ်သည်။

ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သည် NCA လက်မှတ် မရေးထိုးရသေးသည့် ရခိုင်အမျိုးသားကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ်အဖွဲ့အစည်း(LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ ဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required