ရန်ကုန် ၁၁ မြို့နယ်၌ ဆန္ဒဖော်ထုတ်ခွင့် ပိတ်ပင်လိုက်သည့်အပေါ် NLD လွှတ်တော်ကိုယ်စားလှယ် အချို့ ဝေဖန်

ရန်ကုန် ၁၁ မြို့နယ်၌ ဆန္ဒဖော်ထုတ်ခွင့် ပိတ်ပင်လိုက်သည့်အပေါ် NLD လွှတ်တော်ကိုယ်စားလှယ် အချို့ ဝေဖန်
 မတ်လ ၂၆ရက် နံနက်က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် အလုပ်သမားများ ဆန္ဒဖော်ထုတ်နေစဉ်။

ရန်ကုန် ၊ နို၀င်ဘာ ၉ ။             ။ ရန်ကုန်မြို့တွင်း ၁၁ မြို့နယ်အတွင်း၌ ဆန္ဒဖော်ထုတ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ပိတ်ပင်မှုအပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်မှုများ ရှိနေသည်။

" ဒီမိုကရေစီစံနှုန်းတွေအရဆို ပြောစရာတွေ ဖြစ်လာတာပေါ့။ ကျွန်တော်တို့ NLD ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းကို ခဏဘေးချိတ်ထားဦး၊ နိုင်ငံတော်သမ္မတပါ သစ္စာဆိုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) မှာကို  နိုင်ငံသားများနှင့် မူလအခွင့်အရေးနဲ့ တာဝန်များဆိုတာပါပြီးသား ပုဒ်မ(၃၅၁) မှာ အဲ့ထက်ကို ကျော်လွန်တဲ့ အမိန့်ဖြစ်နေပြီဗျာ" ဟု ဒဂုံမြို ့နယ်မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောသည်။

တိုင်းဒေသကြီးအစိုးရက ပိတ်ပင်လိုက်သည့် ၁၁ မြို့နယ်မှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် ၊ ဗိုလ်တထောင်၊ ဗဟန်း၊ စမ်းချောင်း၊ ဒဂုံ၊ အလုံ၊ မင်္ဂလာတောင်ညွန့် နှင့် ပုဇွန်တောင်မြို့နယ််တို့ ဖြစ်သည်။

အဆိုပါ မြို့နယ်များအတွင်း၌ လူသွားလူလာထူထပ်ခြင်း ၊ ယာဉ်ကြောပိတ်ဆို့ခြင်း ၊ အများပြည်သူများ အနှောင့်အယှက် ဖြစ်နိုင်ခြင်း စသည့် အကြောင်းပြချက်များဖြင့် တိုင်းဒေသကြီး လုံခြံုရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက နို၀င်ဘာလ ရ ရက်နေ့ ရက်စွဲဖြင့် ၀န်ကြီးချုပ်ကိုယ်စားလက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပိတ်ပင်ခံရသည့် မြို့နယ် ၁၁ မြို့နယ်အတွင်း၌ ပါ၀င်သည့် အလုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက "လုံခြံုရေးအရ ဆောင်ရွက်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ရှေ့အစိုးရအဖွဲ့တုန်းကတောင် ဒီလိုမျိုး မလုပ်တာဆိုတော့ ဒီသတင်းထုတ်ပြန်လိုက်တဲ့ အချိန်မှာ အံ့သြတယ်" ဟု ဆိုသည်။

ရန်ကုန်မြို့တွင်း၌ ဆန္ဒဖော်ထုတ်ရန် ယခင်က တာမွေမြို့ရှိ ဟစ်တိုင်ကွင်း၌ စီစဉ်ပေးထားသော်လည်း လူအများ စည်ကားရာ မြို့တော်ခန်းမရှေ့နှင့် မဟာဗန္ဓုလပန်းခြံတွင်သာ ဆန္ဒဖော်ထုတ်ခြင်းများ ရှိနေသည်။ ဆန္ဒဖော်ထုတ်ရန် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ ရှိနေပြီး ယင်းဥပဒေအရ စီတန်းလှည့်လည် ခြင်းမပြုလုပ်မီ ၄၈ နာရီကြိုတင် ၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့  အကြောင်းကြားရမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဆောင်ကျင်းပသည့် ဘာသာပေါင်းစုံညီညွတ်ရေး ဆုတောင်းပွဲများကို အောက်တိုဘာအတွင်းက ရန်ကုန်မြို့တွင်း၌ ပြုလုပ်ခဲ့ပြီး ယင်းပွဲပြုလုပ်စဉ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လည်း ဖြစ်ပေါ်ခဲ့သည်ကို တွေမြင်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly