NLD အစိုးရ၏ ဒုတိယဘဏ္ဍာနှစ် ၆ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂.၈ ဘီလီယံဝင်ရောက်ထား

NLD အစိုးရ၏ ဒုတိယဘဏ္ဍာနှစ် ၆ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂.၈ ဘီလီယံဝင်ရောက်ထား

“ဆက်ဝင်လာမှာဖြစ်ပါတယ်၊ Investementရဲ့သဘောက ချက်ချင်း အားလုံး ဝင်လာတာမဟုတ်ဘဲ Project ပေါ်မူတည်ပြီး တစ်နှစ်ပြီးတစ်နှစ် ဝင်တာပါ” ဦးအောင်နိုင်ဦးက ဆိုသည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD ၏ အုပ်ချုပ်မှုကာလအတွင်း ဒုတိယဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဝက်အတွင်း  ပြည်တွင်းသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) က ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ မှာ အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံဖြစ်ကြောင်း ရင်းနှီးမြှုပ်နှှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)က ဖော်ပြထားသော အချက်အလက်အရ သိရသည်။

DICA က ယင်းဘဏ္ဍာနှစ် ခြောက်လအတွက် MIC က ခွင့်ပြုထားခဲ့သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံဖြစ်ကြောင်း ဖော်ပြထားဖူးပြီး နို၀င်ဘာလ ရ ရက်နေ့က အမှန် ၀င်ရောက်သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတန်ဘိုးမှာ ကန်ဒေါ်လာ ၂.၈ ဘီလီယံဖြစ်ကြောင်း ဆက်လက်ဖော်ပြခဲ့သည်။

ထို့ကြောင့် ယခင်ပမာဏ ကန်ဒေါ်လာ ၄.၁ ဘီလီယံ၏ သုံးပုံံနှစ်ပုံခန့်သာ အမှန်တကယ်ဝင်ရောက်ထားခြင်းဖြစ်သည်။

 “အမှန်ဝင်တဲ့ရင်းနှီးမြှုပ်နှံမှုက ခွင့်ပြုပမာဏရဲ့ ၆၆% ခန့်ဖြစ်ပါတယ်” ဟု  MIC ၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက မဇ္စျိမသို့ ပြောကြားသည်။

ထို့ကြောင့် ပြည်တွင်းသို့ဝင်ရောက်ရန် ခွင့်ပြုထားသော်လည်း မဝင်ရောက်သေးသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအထိရှိပြီး ၃၄ ရာခိုင်နှုန်းခန့်ရှိနေသည်။

“ဆက်ဝင်လာမှာဖြစ်ပါတယ်၊ Investementရဲ့သဘောက ချက်ချင်း အားလုံး ဝင်လာတာမဟုတ်ဘဲ Project ပေါ်မူတည်ပြီး တစ်နှစ်ပြီးတစ်နှစ် ဝင်တာပါ” ဦးအောင်နိုင်ဦးက ဆိုသည်။

သို့သော်လည်း လက်ရှိရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အသစ်ထွက်ရှိလာမည့်  ကုမ္ပဏီအက်ဥပဒေအပေါ်မူတည်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ အပြောင်းအလဲအချို့ရှိလာနိုင်ကြောင်း  စီးပွားရေးမူဝါဒရေးရာပညာရှင် ဒေါက်တာ အောင်ကိုကိုက သုံးသပ်ပြောဆိုသည်။

 “မြန်မာနိုင်ငံကုမ္ပဏီဥပဒေက မူကြမ်းပဲရှိသေးတယ်။ အဲဒီဥပဒေ အတည်ဖြစ်လာရင် နိုင်ငံသားကုမ္ပဏီရယ်၊ နိုင်ငံခြား ကုမ္ပဏီရယ်ဆိုပြီးခွဲခြားမှုက သိပ်ရှိမယ်လို့မထင်ဘူး။ အဲလိုဖြစ်လာတဲ့အခါမှာ အရင်ထွက်ပြီးသားရှိနေတဲ့ ရင်းနှီးမြှုပ် နှံမှုဥပဒေ၊ အခုထွက်လာမယ့် ကုမ္ပဏီ ဥပဒေ အဲဒါတွေပေါင်းစပ်သွားရင် အတိုင်းအတာတစ်ခုအထိတော့ သက်ရောက်မှု တွေရှိလာမယ်လို့ ထင်တယ်” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆ ဘီလီယံအထိ ဝင်ရောက်ရန် မျှော်မှန်းထားကာ လျာထားချက်ကို ပြည့်မီရန် အလားအလာကောင်းကြောင်း  တာဝန်ရှိသူများက ပြောဆို ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags