မဲဆွယ်ရန် ရက်ပေါင်း ၆၀၊ စက်တင်ဘာ ၈ မှ နိုဝင်ဘာ ၆ ဖြစ်သည်ဟု အကြောင်းကြားထား

မဲဆွယ်ရန် ရက်ပေါင်း ၆၀၊ စက်တင်ဘာ ၈ မှ နိုဝင်ဘာ ၆ ဖြစ်သည်ဟု အကြောင်းကြားထား

သြဂုတ် ၁၈ ရက် ။           ။ နိုဝင်ဘာရွေးကောက်ပွဲအတွက် တရားဝင် မဲဆွယ်စည်းရုံးခြင်းကို စက်တင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီမှစ ၍ဆောင်ရွက်နိုင်ပြီ ဟုပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ကနိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအား အကြောင်းကြားထားသည်ဟု သိရသည်။

မဲဆွယ်ကာလကို ရက်ပေါင်း ၆၀ ခွင့်ပြုထားသောကြောင့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေနှင့် နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ မဲဆွယ်နိုင်မည် ဟုပြန်ကြားရေးဝန်ကြီး ဌာနက သတင်းဖော်ပြသည်။

ကိုယ်စားလှယ်လောင်းများသည် ကိုယ်ရေးအချက်အလက်၊ စွမ်းဆောင်ရည်နှင့် မူဝါဒ၊ လုပ်ငန်းစဉ်များအား ပိုစတာများ စိုက်ထူ/ချိတ်ဆွဲ/ ကြောငြာခြင်း ပြုလုပ်လိုပါကမူ သက်ဆိုင်ရာ မြို့တော်စည်ပင် သာယာရေးကော်မတီ သို့မဟုတ် မြို့နယ်စည်ပင်သာယာရေးကော်မတီများ၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ခွင့်ရှိသည်ဟု သိရသည်။

ထို့ပြင် သတ်မှတ်ထားသည့် 'ဥပဒေ၊ နည်းဥပဒေ၊ စည်းမျည်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များ' နှင့်လည်း ညီညွတ်ရမည်ဟု ဆိုသည်။

ကော်မရှင်က သတ်မှတ်ထားသည့် မဲဆွယ်စည်းရုံးခွင့် ကာလအတွင်း၌သာ ကြော်ငြာ/ ပိုစတာ စိုက်ထူ/ချိတ်ဆွဲခြင်းကို ဆောင်ရွက်ခွင့်ရှိပြီး နောက်ဆုံးရက် နိုဝင်ဘာ ၆ ရက် ည (၁၂) နာရီနောက်ဆုံးထား ၍ မဖြုတ်သိမ်းပါက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီ သို့မဟုတ် မြို့နယ် စည်ပင်သာယာရေးကော်မတီ များနှင့်ညှိနှိုင်း ၍ဖြုတ်သိမ်း သွားစေမည်ဟု သိရသည်။

ယင်းသို့ ဖြုတ်သိမ်းခြင်းအတွက် ကုန်ကျစရိတ်အား သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်လောင်းမှ ပြန်ပေးချေရမည်ဟု အကြောင်းကြားစာ ၌ဖော်ပြထားကြောင်းပြန်ကြားရေး ဝန်ကြီးဌာန ကဖော်ပြ သည်။

ထို့အပြင် ၂၀၁၅ ခုနှစ် ဇွန် ၂၆ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ် လောင်းများအတွက် ကျင့်ဝတ် (Code of Conduct for political parties and candidates) ကို စောင့်ထိန်းလိုက်နာကြ ရန် လိုအပ်သည်ဟုလည်း ဆိုသည်။

လွှတ်တော်အသီးသီးအတွက် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲများဖြစ်စေရန် နိုင်ငံရေးပါတီ များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးရာတွင် ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ကြရမည်ဟု သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင် အင်တာနက်စာမျက်နှာ၌မူ ယင်းနှင့်ပတ်သက်၍ သြဂုတ် ၁၈ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အထိ တစ်စုံတစ်ရာဖော်ပြထားသည်ကို မတွေ့ရပါ။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှု အခြေအနေမှာလည်း သြဂုတ်လ ၁၃ ရက်နေ့အထိသာ တွေ့ရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly