မျက်နှာသစ်တာနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အမှားကြီး (၁၀)ချက်

မျက်နှာသစ်တာနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အမှားကြီး (၁၀)ချက်

ရေးသားသူ Dr. Thiha Phyo Myint 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe. 

၁။ မှားယွင်းတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်မိခြင်း

မှန်ကန်တဲ့ မျက်နှာသစ်ဆေးဟာ သင့်မျက်နှာမှာရှိတဲ့ အညစ်အကြေး၊မိတ်ကပ်တွေနဲ့ ဂျီးညှော်တွေကိုပဲ လုံးဝပြောင်စင် အောင် သန့်စင်ပေးတာဖြစ်ပြီး  သင့်မျက်နှာမှာ သဘာဝအတိုင်းရှိရမယ့်အဆီ ဒါမှမဟုတ် အရေပြားဆဲလ် အကောင်း တွေကို တော့ မထိခိုက်စေရပါဘူး။ အဆိုပါအာနိသင်ရှိတဲ့ ကုန်ပစ္စည်းမျိုးကိုပဲ ရွေးချယ်သင့်တဲ့အပြင် မျက်နှာသစ်ဆေးဟာ အရမ်းမပျော့ သင့်သလို(မျက်နှာကို၂ခါလောက် ဆေးပစ်ဖို့လိုတဲ့ဟာမျိုး ဒါမှမဟုတ် လုံးဝပြောင်စင်သွားအောင် ခပ်ကြမ်းကြမ်း သစ်ပစ်ဖို့ လိုတဲ့ဟာမျိုး) အရမ်းလည်း မပြင်းသင့်ပါဘူး (အရမ်းပြင်းလွန်းရင်လည်း  အရေပြားကို နီရဲပျက်ဆီးစေတဲ့အပြင် ရေခြောက်သွားရင်လည်း မျက်နှာက တင်းတင်းကြီးဖြစ်ပြီး ကျန်နေခဲ့ပါလိမ့်မယ်)

၂။မျက်နှာခဏခဏသစ်ခြင်း

ယေဘုယျအားဖြင့် တနေ့ကို တကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် မျက်နှာသစ်တာဟာ လုံလောက်ပါတယ်။ ဒီ့ထက် အကြိမ်ရေ ပိုများများသစ်မယ်ဆိုရင်တော့ အရေပြားကို ထိခိုက်စေတဲ့အပြင် မျက်နှာကို ပိုလို့တောင် အဆီပြန်စေပါမယ်။ အကယ်၍ သင်ဟာ ဒီနေ့မိတ်ကပ် ဒါမှမဟုတ် သနပ်ခါး မလိမ်းဖြစ်ဘူး၊နေလောင်ဒါဏ်ခံခရင်မ် (sunscreen) မလိမ်းဖြစ်ဘူး ဒါမှမဟုတ် ဒီနေ့ချွေးသိပ်မထွက်ဖူးဆိုရင် ညဘက်ကို မျက်နှာသစ်ဆေးမသုံးတော့ဘဲနဲ့ ရေခပ်နွေးနွေး လေးနဲ့ပဲ မျက်နှာသစ်ကြည့်ပါ။ အမျိုးမျိုးသော အလှကုန်ပစ္စည်းတွေ ဒါမှမဟုတ် မျက်နှာသစ်ဆေးတွေကို တခါတလေ မသုံးဘဲ အနားပေးထားခြင်းဟာ သင့်အရေပြားကို ပိုမိုကောင်းမွန်ကျန်းမာလှပစေပါလိမ့်မယ်။

၃။ မျက်နှာသစ်တဲ့ရေအပူချိန်မှားယွင်းနေခြင်း

ရေနွေးပူပူက ချွေးပေါက်တွေကို ပွင့်စေပြီး ရေအေးစက်စက်က ချွေးပေါက်တွေကို ပိတ်စေတယ်ဆိုတာ ယုံတမ်း စကားပါ။ တကယ်တမ်း သိပ္ပံနည်းကျကျပြောရမယ်ဆိုရင်  ချွေးပေါက်တွေကို ပွင့်အောင် ဒါမှမဟုတ် ပိတ်အောင်လုပ်ပေးဖို့ သူတို့မှာ ကြွက်သားတွေ မရှိပါဘူး။ရေနွေးနဲ့ မျက်နှာသစ်ရင် နွေးနွေးလေးနဲ့ နေလို့ကောင်းတယ်ဆိုပေမယ့် အရေပြားမှာ ပုံမှန် ရှိသင့်တဲ့၊ အရေပြားကို အကာအကွယ်ပေးတဲ့ အဆီတွေကို အနှောင့်အယှက်ပေးတာကြောင့် အရေပြားအလွန်အမင်း ခြောက်သွေ့တာ ဒါမှမဟုတ် အဆီတွေပုံမှန်ထက် ပိုထုတ်တာတွေကို ဖြစ်စေပါတယ်။မအေးမပူ ရေခပ်နွေးနွေးလေး ကတော့ မျက်နှာအရေပြားကို နူးညံ့ညင်သာစွာနဲ့ ထိရောက်အကျိုးရှိစွာ သစ်ဖို့ အသင့်တော်ဆုံးနဲ့ အကောင်းဆုံး ဖြစ်ပါတယ်။

၄။ အလွန်အမင်းမျက်နှာ ဂျီးချွတ်ခြင်း

မျက်နှာဂျီးချွတ်တယ်ဆိုတာ မျက်နှာအရေပြားမှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားခွါချပစ်တာဖြစ်လို့ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုသော်ငြား ဘယ်အရာမဆိုတန်ဆေးလွန်ဘေးပါ။သကြား ဒါမှမဟုတ် သစ်သီးအရည်တွေကို သုံးပြီး ဂျီးချွတ် တာကို တပတ်မှာအများဆုံး နှစ်ခါကနေ သုံးခါအထိလုပ်နိုင်ပါတယ်။ဒီလို ဂျီးချွတ်တဲ့နေရာမှာလည်း တာဝါစသုံးမယ့်အစား သင့်လက်ချောင်းလေးတွေကိုသာ သုံးခြင်းအားဖြင့် အရေပြားကို အလွန်အကျွံဆွဲမိတာ၊ ထိခိုက်မိတာတွေကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

၅။ မျက်နှာသစ်ရာတွင် ရေကိုလုံလောက်အောင်မသုံးခြင်း

မျက်နှာကို ရေနဲ့သေသေချာချာ အချိန်ပေးပြီး မဆေးခြင်းအားဖြင့် အရေပြားပေါ်မှာ အညစ်အကြေးတွေစုပုံလာပြီး ချွေးပေါက်တွေကိုပိတ်ဆို့စေကာ အသားအရည် ခြောက်သွေ့စေပါတယ်။ဒါ့ကြောင့် မနက်ပိုင်း အိမ်ကမထွက်ခင် အလျင်လိုနေတဲ့အချိန်မှာပဲဖြစ်ဖြစ် ညဘက်အိမ်ပြန်ရောက်လို့ အရမ်းပင်ပန်းနေတဲ့ အချိန်မှာပဲဖြစ်ဖြစ် တတ်နိုင်သမျှ အချိန်ပေးပြီး မျက်နှာကို ရေနဲ့သေသေချာချာ ဆေးသင့်ပါတယ်။မေးစေ့၊ဆံစပ် နဲ့ နှာခေါင်းနေရာတို့ဟာ အများအားဖြင့် သေသေချာချာ မသစ်ဖြစ်တဲ့ နေရာတွေဖြစ်လို့ အဲ့ဒီ့နေရာတွေကိုလည်း ဂရုစိုက်ပြီး မျက်နှာသစ်ပေးသင့်ပါတယ်။

၆။ အရေပြားကိုထိခိုက်စေတဲ့ ပစ္စည်းတွေပါဝင်သော မျက်နှာသစ်ဆေးများကို သုံးစွဲမိခြင်း

သင့်မျက်နှာကို သင်ကိုယ်တိုင်ဂရုစိုက်ရမှာပါ။ ဒါကြောင့်မို့ အရေပြားထိခိုက်စေတဲ့ ပစ္စည်းတွေ (ဥပမာ။  ။ အနံ့၊အရောင်တို့အတွက် သုံးတဲ့ ဓာတုပစ္စည်းတွေ၊ ကြာရှည်ခံအောင်သုံးတဲ့ ဓာတုပစ္စည်းတွေ)ပါတဲ့ မျက်နှာသစ်ဆေးတွေကို သတိထားပြီး ရှောင်ရှားရပါမယ်။ Sodium lauryl sulfate ဆိုတဲ့ ဓာတုဗေဒပစ္စည်းဟာဆိုရင်လည်း ရှောင်ရမယ့် ပါဝင်ပစ္စည်းတခုဖြစ်ပါတယ်။သူ့ကို အညစ်အကြေးတွေဖယ်ရှားဖို့ သုံးလေ့ရှိပေမယ့် ဓာတ်မတည့်တာ၊အရေပြားထိခိုက်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် မျက်နှာသစ်ဆေးတခု သုံးတော့မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို ဖတ်ဖို့ဘယ်တော့မှ မမေ့ပါစေနဲ့။

၇။ မျက်နှာသုတ်ပုဝါနဲ့ ပွတ်ခြင်း

မျက်နှာကို တို့ပါ။မပွတ်ပါနဲ့။မျက်နှာသစ်ပြီး သဘက်နဲ့ အားပါးတရ ပွတ်လိုက်ရတာဟာ အရသာရှိကောင်းရှိမှာ ဖြစ်ပေမယ့် အရေပြားကို ခပ်ကြမ်းကြမ်းဆွဲဆောင့်နေသလို ဖြစ်စေတာကြောင့် အရေတွန့်စေပါတယ်။ပီးတော့ သတိထားရမှာက တွေ့ကရာနဲ့ မျက်နှာကို လျှောက်မသုတ်ပါနဲ့(အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ်)။ ကိုယ့်ရဲ့ ပြစ်မျိုးမှဲ့မထင် မျက်နှာလေးမှာ အပြစ်အနာအဆာတွေ မရှိစေချင်ဖူးဆိုရင်၊ အရေပြားပိုးမကူး စေချင်ဖူးဆိုရင် တခြားသူတွေရဲ့ မျက်နှာသုတ်ပုဝါနဲ့ အတူတူမျှ မသုံးပါနဲ့။ သင့်ရဲ့လန်းဆန်းတဲ့မျက်နှာလေးကို သုတ်ဖို့အတွက် သန့်ရှင်းနူးညံ့တဲ့ မျက်နှာသုတ်ပုဝါ ကောင်းကောင်းကို သုံးပါ။

၈။ Moisturizer မသုံးခင် အချိန်ကြာကြာစောင့်ခြင်း

အစိုဓာတ်ကို အများဆုံးစုပ်ယူနိုင်ပြီး ကြာရှည်ထိန်းသိမ်းထားနိုင်ဖို့ဆိုရင် မျက်နှာသစ်ပြီး စိုထိုင်းထိုင်းလေးဖြစ်နေတုန်းမှာပဲ moisturizer ကို ချက်ချင်းလိမ်းသင့်ပါတယ်။တခြား မျက်နှာလိမ်းတဲ့ အရည်တွေကိုလည်း ဒီလိုပဲ ချက်ချင်း လိမ်း သင့်ပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ မျက်နှာမှာရေလုံးဝ ခြောက်တဲ့အထိ စောင့်ပြီးမှ လိမ်းမယ်ဆိုရင် ပါဝင်ပစ္စည်းတွေအနေနဲ့ အရေပြားထဲကို စိမ့်ဝင်ဖို့ခက်သွားမှာဖြစ်တဲ့အတွက် မျက်နှာဟာ စေးကပ်ကပ်ကြီးဖြစ်နေမှာပါ။

၉။ ငွေကိုအလွန်အမင်းသုံးခြင်း

မျက်နှာသစ်ဖို့အတွက် ငွေကို အလွန်အကျွံ မသုံးသင့်ပါဘူး။ ရိုးရှင်းပြီး သဘာဝပစ္စည်းတွေ ပါဝင်တဲ့ မျက်နှာသစ်ဆေး ကိုသာ ရှာပြီးသုံးပါ။ ရေရှည်အတွက် အကျိုးရှိပြီး အရေပြားကိုလည်း တကယ်အထောက်အကူဖြစ်စေတဲ့ အလှကုန်တွေ (ဥပမာ။   ။ moisturizer)အတွက် သင့်ငွေကို စုထားပါ။အလကားမဖြစ်ပါစေနဲ့။

၁၀။ အဆီဓာတ်ကို ကြောက်ခြင်း

အဆီဓာတ်ဆိုတာ ချွေးပေါက်တွေကို ပိတ်ဆို့စေတဲ့ မကောင်းသောအရာလို့ လူတွေက အချိန်တော်တော်ကြာ ယူဆခဲ့ကြပါတယ်။ အခုတော့ ဒီအယူအဆဟာ ပြောင်းလဲလာပါပြီ။ ဘယ်လိုအရေပြား အမျိုးအစားပိုင်ရှင်မျိုးမဆို (အဆီပြန်တတ်သူတွေ၊ ဝက်ခြံ၊မှဲ့ခြောက်ပေါတဲ့သူတွေအပါအဝင်ပေါ့) အဆီဓာတ်ပါဝင်တဲ့ အရာတွေနဲ့မျက်နှာကို ဆေးကြောခြင်းအားဖြင့် အကျိုးရှိစေတယ်လို့  ပညာရှင်တွေက ဆိုပါတယ်။အဆီကို အဆီမှာပဲ ပျော်ဝင်စေတဲ့ သဘောဖြစ်ပါတယ်။မှန်ကန်ကောင်းမွန်တဲ့ အဆီကို အသုံးပြုခြင်းအားဖြင့် ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့အပြင် အသားအရေကိုလည်း လှပကောင်းမွန်အောင်  ထိန်းသိမ်းပေးပါတယ်။ သဘာဝအပင်ကနေ ထုတ်ယူထားတဲ့ အဆီပါဝင်သော ပစ္စည်းတွေကို ရှာဖွေသုံးစွဲပါ။ဒါမှမဟုတ် နီးစပ်ရာ စျေးဆိုင်ကနေ လွယ်လွယ် ဝယ်လို့ရတဲ့ အရည်အသွေးကောင်းကောင်း ဗာဒံစေ့ကထုတ်တဲ့ အဆီ၊စပျစ်စေ့ကနေ ထုတ်တဲ့အဆီ သို့မဟုတ် နေကြာဆီတို့ကို ဝယ်ယူအသုံးပြုနိုင်ပါတယ် (အုန်းဆီနဲ့ သံလွင်ဆီတို့ကတော့ တချို့အတွက် အဆင်ပြေပေမယ့် မတည့်တဲ့သူတွေလည်းရှိပါတယ်)။အသုံးပြုပုံက လွယ်ပါတယ်။ အဆီကို မျက်နှာပေါ်အသာအယာ လိမ်းပြီးနှိပ်နယ်ကာ ရေကြက်သီးနွေးထဲမှာ စိမ်ထားတဲ့ အဝတ်စနုနုလေးနဲ့ သုတ်ပေးလိုက်ရုံပါပဲ။ တခုသတိထားရမှာက အဆီအကြွင်းအကျန် တွေစုပြီး အပေါက်တွေမှာလာမပိတ်ဆို့စေဖို့အတွက် အဆီတွေကို အကုန်ပြောင်စင်အောင်တော့  အသေအချာ သုတ်ပစ်ရမှာ ဖြစ်ပါကြောင်း။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required