သူမကို ခြိမ်းခြောက်ခဲ့သော ပါပါရာဇီများကို ခနဲ့လိုက်သည့် အဆိုတော် Sia

သူမကို ခြိမ်းခြောက်ခဲ့သော ပါပါရာဇီများကို ခနဲ့လိုက်သည့် အဆိုတော် Sia

 

သြစတြေးလျအဆိုတော် Sia Furler ကို ပါပါရာဇီများက သူမ၏ဝတ်လစ်စလစ်ဓာတ်ပုံများကို ဖြန့်ချီမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်တွင် Sia က သူမ၏ ၀တ်လစ်စလစ်ဓာတ်ပုံတစ်ခုကို သူမ၏တွစ်တာ၌တင်ကာ ပြန်လည် ခနဲ့ခဲ့သည်။

နာမည်ကျော်အဆိုတော်နှင့် တေးရေးဆရာမဖြစ်သူ Sia သည် သိုသိုသိပ်သိပ်နှင့်သာ နေထိုင်လေ့ရှိသလို ဖျော်ဖြေပွဲများ၌ သီချင်းသီဆိုစဉ်၌ပင် သူမ၏မျက်နှာအား ဆံပင်တုအောက်၌ ဖုံးကွယ်ထားလေ့ရှိသူဖြစ်သည်။

Sia သည် သူမ၏တွစ်တာပေါ်၌ ၀တ်လစ်စလစ်အမျိုးသမီးတစ်ဦးကို နောက်ကျောမှရိုက်ထားသည့် ၀ါးနေသော ဓာတ်ပုံတစ်ပုံအားတင်ခဲ့ပြီး “ ရှင်တို့ရဲ့ပိုက်ဆံတွေကို အကုန်မခံပါနဲ့။ သိမ်းထားလိုက်ပါ။ ဒီမှာအလကားကြည့် လို့ရတဲ့ ဓာတ်ပုံပါ။ နေ့တိုင်း ခရစ္စမတ်နေ့ဖြစ်ပါစေ” ဟု ရေးသားခဲ့သည်။

ထိုဓာတ်ပုံထဲ၌ ဓာတ်ပုံအေဂျင်စီတစ်ခု၏ ရေစာတစ်ခုရှိနေပြီး Sia ၏ထိုပုံစံမျိုးဓာတ်ပုံပေါင်း နောက်ထပ်၁၄ပုံ ရှိသေးကြောင်း သိရသည်။ ပါပါရာဇီများက သူမ၏ဝတ်လစ်စလစ်ဓာတ်ပုံများကို   ရောင်းချပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

Sia သည် ပေါက်သီချင်းများစွာကို သီဆိုထားသော နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်သည့်အပြင် ဂီတလောကမှ အခြားနာမည်ကြီးအနုပညာရှင်များဖြစ်ကြသော David Guetta ၊ The Weeknd တို့နှင့်လည်း သီချင်းများ ပူးပေါင်းဖန်တီးခဲ့ဖူးသည်။

ဒါ့အပြင်သူမသည် ကမ္ဘာပေါ်၌အောင်မြင်မှုအများဆုံးသော တေးရေးဆရာများထဲမှတစ်ဦးဖြစ်ပြီး အဆိုတော် ရီဟားနား၊ ဘီယွန်းစေး၊ ကေတီပယ်ရီနှင့် အဒဲလ်တို့အတွက် သီချင်းများ   ရေးစပ်ပေးခဲ့သူဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required