အမေရိကန်ကို လျှော့တွက်ရင် မြောက်ကိုရီးယားတို့ အကြီးအကျယ်မှားလိမ့်မည်ဟု ဒေါ်နယ်ထရမ့် သတိပေး

အမေရိကန်ကို လျှော့တွက်ရင် မြောက်ကိုရီးယားတို့ အကြီးအကျယ်မှားလိမ့်မည်ဟု ဒေါ်နယ်ထရမ့် သတိပေး

 

နိုဝင်ဘာ ၈ ။                    ။  မြောက်ကိုရီးယားတို့အနေနဲ့ မိမိတို့နိုင်ငံအပေါ် လျှော့တွက်ပြီး အကဲစမ်းမှုတွေ လုပ်နေတာတွေကို ယခုကစလို့ ရပ်တန်းက ရပ်သင့်ပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၈ ရက်မှာ ခြိမ်းခြောက်သတိပေးလိုက်ပါတယ်။

အမေရိကန်တို့အနေနဲ့ ယင်းနိုင်ငံကိုရော၊ မဟာမိတ်နိုင်ငံတွေကိုပါ ပြံုယမ်းအစိုးရရဲ့ နျူကလီးယားခြိမ်းခြောက်မှုရန်ကနေ ကာကွယ်သွားမှာဖြစ်ကြောင်း ထရမ့်က တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိစဉ် ကြံုးဝါး ပြောဆိုသွားပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားအစိုးရဟာ လက်ရှိအချိန်မှာ ကြမ်းကြုတ်ရက်စက်တဲ့ အာဏာရှင်ဖြစ်နေကြောင်း၊ ယင်းအစိုးရရဲ့ တင်းကျပ်ပြင်းထန်တဲ့ နိုင်ငံရေးဖိနှိပ်အုပ်ချုပ်မှုတွေ ရှိနေကြောင်း   တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ပါလီမန် မိန့်ခွန်းပြောကြားစဉ် ထရမ့်က ပြောဆိုသွားပါတယ်။

အလားတူ တစ်ကမ္ဘာလုံးရဲ့ စုစည်းညီညွတ်မှုအားနဲ့ မြောက်ကိုရီးယားတို့ကို ဆန့်ကျင်သွားရမှာဖြစ်ကြောင်းလည်း ထရမ့်က ပြောဆိုသွားပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ယင်းအထီးကျန်နိုင်ငံအပေါ် တိုက်ခိုက်ထိုးနှက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ထရမ့်က ပြံုယမ်းခေါင်းဆောင် ကင်မ်ဂျံုအန်းကို အပြုသဘောဆောင်တဲ့ ကမ်းလှမ်းမှုတစ်ရပ်လည်း ပြုလုပ်သွားသေးတယ်လို့သိရပါတယ်။ ကင်မ်ဂျံုအန်းအနေနဲ့ နျူကလီးယားရည်မှန်းချက်တွေကို စွန့်လွှတ်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက် ရွေးချယ်နိုင်စရာ လမ်းကြောင်းလည်း ရှိနေပါကြောင်း ထရမ့်က ပြောဆိုသွားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags