ကလေးငယ် လုံလောက်တဲ့ မိခင်နို့ရရှိလားဆိုတာ ဘယ်လိုသိနိုင်မလဲ

ကလေးငယ် လုံလောက်တဲ့ မိခင်နို့ရရှိလားဆိုတာ ဘယ်လိုသိနိုင်မလဲ

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ကလေးငယ်ဟာ မိခင်နို့ အလုံအလောက်ရရှိမှု ရှိမရှိဆိုတာဟာ မိခင်အသစ်တွေ အတွက် စဉ်းစားစရာ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ မိခင်အားလုံးဟာ သူတို့ရဲ့ ကလေးငယ်တွေ လိုအပ်တဲ့ အာဟာရကို ရရှိစေလိုကြပါတယ်။

ဒါပေမယ့် သင်က ကလေးကို မိခင်နို့တိုက်ကျွေးချိန်မှာ ကလေးငယ်က ဘယ်လောက် ရရှိတယ်ဆိုတာ မြင်နိုင်ခြင်းမရှိပါဘူး။ မိခင်အများစုက ကလေးငယ် သောက်နိုင်သလောက် မိခင်နို့တိုက်ကျွေးလေ့ရှိပေမယ့် အချို့ကလေးငယ်တွေအတွက် လုံလောက်မှု မရှိပါဘူး။

ဒီလိုအခြေအနေတွေ ကြာမြင့်တဲ့အခါ သင့်ကလေးငယ်ဟာ ရေဓါတ်ကုန်ခမ်းခြင်းနဲ့ အာဟာရချို့တဲ့ ခြင်းကို ခံစားရနိုင်ပါတယ်။

မိခင်နို့ဟာ ကလေးမွေးအပြီး ၂-၅ ရက်အတွင်း ထွက်နိုင်ပါတယ်။

သင့်ကလေးငယ်ဟာ သူမရဲ့ တစ်ရှူးတွေထဲမှာ အရည်အချို့နဲ့ မွေးဖွားလာပါတယ်။ ဒီအရည်တွေဟာ ပထမ ၄၈ နာရီအတွင်းမှာ ကိုယ်ခန္ဓာ ပြင်ပကို စွန့်ထုတ်လိုက်မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ နို့ဦးရည်ဟာ ကလေးငယ်ရဲ့ အစာခြေလမ်းကြောင်းအတွက် အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်ပါတယ်။

ကလေးငယ်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် ကွာခြားမှု ရှိပါတယ်။ ကလေးအတော်များများဟာ တစ်နေ့ကို အနည်းဆုံး ရှစ်ကြိမ်လောက် နို့တိုက်ရန်လိုအပ်ပါတယ်။ အချို့ကတော့ ၁၀-၁၂ ကြိမ် (သို့) ဒီ့ထက်ပိုပြီး တိုက်လေ့ရှိပါတယ်။

ကလေးငယ်ရဲ့ အူလှုပ်ရှားမှုများ

ကလေးမွေးပြီး ရက်အနည်းငယ်ကြာတဲ့အချိန်မှာ ကလေးငယ်ဟာ အစိမ်းရင့်ရောင်ဝမ်းဖြစ်တဲ့ meconium ကို စွန့်ထုတ်မှာ ဖြစ်ပါတယ်။ ကလေးဟာ နို့ပိုသောက်လေလေ အူလှုပ်ရှားမှု ပိုများလေလေပဲ ဖြစ်ပါတယ်။

နောက်ရက်တွေမှာ အထူးသဖြင့် လေးရက်မြောက်မှာ နို့ရည်ပါဝင်တဲ့ ဝမ်းဖြစ်တဲ့ အရည်ကျဲကျဲကနေ ပျစ်ပျစ် mustard အရောင်နဲ့ အနံ့အနည်းငယ်ရှိတဲ့ ဝမ်းကို တွေ့ရမှာ ဖြစ်ပါတယ်။ မိခင်နို့ပါဝင်တဲ့ ဝမ်းဟာ လိမ္မော်ရောင် (သို့) အစိမ်းရောင် ရှိပါတယ်။ ဒါဟာ ကလေးငယ်ပုံမှန်မဟုတ်ဘူးလို့ မဆိုလိုပါဘူး။

ကလေးငယ် ဝမ်းသွားတဲ့ အကြိမ်ရေကို စောင့်ကြည့်ခြင်းဟာ ကလေးငယ်ရဲ့ ကျန်းမာရေးကို စောင့်ကြည့်ဖို့အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ အချို့ကလေးငယ်တွေဟာ အညိုရောင် ဝမ်းသွားတတ်ပါတယ်။ ဒါဟာ ကလေးငယ် လုံလောက်တဲ့ မိခင်နို့ မရရှိခြင်းရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

ဆီး

ပထမရက်တွေမှာ ကလေးငယ်ဟာ နို့ဦးရည်အနည်းငယ်ကိုသာ သောက်ရတာကြောင့် တစ်နေ့ကို တစ်ကြိမ် (သို့) နှစ်ကြိမ်သာ ဆီးသွားနိုင်ပါတယ်။ ၄-၅ ရက်ကြာတဲ့အခါ ကလေးငယ်ဟာ တစ်ရက်အတွင်း diaper ၆ ခုလောက် လဲရနိုင်ပါတယ်။

ဆီးဟာ အရောင်ဖျော့ဖျော့ (သို့) အရောင်မရှိပဲ အနံ့အနည်းငယ်သာ ရှိပါတယ်။ အချို့ကလေးငယ်တွေဟာ ပန်းရောင် (သို့) အနီရောင် ဆီးကို သွားကြပြီး ဒါဟာလည်း မိခင်နို့အလုံအလောက် မရရှိခြင်းရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

အထက်ဖေါ်ပြပါလက္ခဏာတွေဟာ အာဟာရချို့တဲ့ခြင်းသာမက အခြားအခြေခံ ရောဂါတွေကို ဖေါ်ပြခြင်း ဖြစ်နိုင်ပါတယ်။ သင့်ကလေးမှာ ဒီလက္ခဏာတွေ တွေ့ပြီဆိုရင်တော့ နို့ပိုတိုက်သင့်ပါတယ်။

တကယ်လို့ ရက်အနည်းငယ်အကြာမှာ ဒီလက္ခဏာတွေ ပျောက်မသွားဘူးဆိုရင် ကလေးငယ်ကို ဆရာဝန်ထံ ခေါ်သွားသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly