ရင်းဂစ်ငွေတန်ဖိုးကျဆင်းမှု မလေးရှားခရီးသွား လုပ်ငန်းကဏ္ဍ အတွက်ကောင်းလည်းကောင်း ဆိုးလည်းဆိုး

ရင်းဂစ်ငွေတန်ဖိုးကျဆင်းမှု မလေးရှားခရီးသွား လုပ်ငန်းကဏ္ဍ အတွက်ကောင်းလည်းကောင်း ဆိုးလည်းဆိုး

ကွာလာလမ်ပူ၊ သြဂုတ် - ၁၈ ။        ။ ယမန်နှစ်တစ်နှစ်လုံးတွင် ရင်းဂစ်မှာ အာရှ၏ စွမ်းဆောင်ရည်အညံ့ဖျင်းဆုံးငွေကြေးဖြစ်လာခဲ့ပြီး အမေရိကန်ဒေါ်လာနှင့်ယှဉ်လျှင် ၈.၂ရာခိုင်နှုန်းအထိ ကျဆင်းသွား ခဲ့သောကြောင့် မလေးရှားနိုင်ငံသား အတော်များများအတွက် စိုးရိမ်ပူပန်စရာဖြစ်ခဲ့သော်လည်း အခြေအနေမှာ ထင်သလောက်မဆိုးရွားဘဲ ကောင်းကွက်ကလေးရှိနေကြောင်းကို မလေးရှား အစိုးရ ကပြည်သူကို အာမခံချက်ပေးဖို့ ကြိုးစားခဲ့သည်။

ရင်းဂစ်ငွေကြေးမှာ ဒုက္ခအခက်အခဲ ကြုံတွေ့နေနိုင်ကောင်းသော်လည်း ယင်းအချက်ကြောင့်ပင် ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးသွားလုပ်ငန်းကဏ္ဍများတွင် အကျိုးကျေးဇူးခံစားရနိုင်သည်ဟု မလေးရှား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဝန်ကြီး နာဇရီ အဇစ်က ပြောကြားခဲ့သည်။

‘ကမ္ဘာလှည့်တွေက မလေးရှားကို လာတဲ့အခါ အိုး မလေးရှားက ဈေးပေါလှချည်လားလို့ ပြောကြလိမ့်မယ်။ သူတို့ဟာ ဟိုတယ်ကိုသွားပြီး ယူရိုနဲ့ မပေးချေနိုင်တော့ ရင်းဂစ်ကို ဝယ်ရမယ်။ ဒီလိုဆိုရင် ဝယ်လိုအားတက်လာမယ်’’ဟု နာဇရီ အဇစ်က ပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်းမှာ မလေးရှားစီးပွားရေးကို အဓိကထည့်ဝင်နေသည့် ကဏ္ဍဖြစ်ပြီး နိုင်ငံ၏ အကြီးမားဆုံး နိုင်ငံခြားငွေ အရင်းမြစ်လည်းဖြစ်သည်။ လမ်းပေါ်မှ ကမ္ဘာလှည့်များအတွက်မူ အားနည်းသော ရင်းဂစ်ငွေကြေးက သူတို့အား တိုးပြီး ငွေသုံးလာနိုင်စေသည်။  

‘တစ်ယူရိုကို ၄.၅ရင်းဂစ်။ လွန်ခဲ့တဲ့နှစ်လလောက်ကဆိုရင် ၄အောက်မှာပဲ ရှိခဲ့တယ်။ ကျွန်တော်တို့အတွက်တော့ ကောင်းတယ်။ ခင်ဗျားတို့အတွက်တော့ မသိပေမယ့် ကျွန်တော်တို့အတွက်တော့ကောင်း တယ်’’ဟု နယ်သာလန်နိုင်ငံသား ကမ္ဘာလှည့်တစ်ဦးက ပြောသည်။

မလေးရှား ခရီးသွားလုပ်ငန်းဧဂျင့်များ၏ အသင်းကြီး (MATTA)ကမူ ခရီးသွားလုပ်ငန်းကဏ္ဍအနေဖြင့် ငွေတန်ဖိုးကျဆင်းမှု၏ အသီးအပွင့်ကို ခံစားရနိုင်သော်လည်း နိုင်ငံသားများအတွက်မူ နိုင်ငံခြားသို့ ခရီးသွားရန် မတတ်နိုင်ကြတော့သောကြောင့် နိုင်ငံပိုင် ခရီးသွားလုပ်ငန်းများအတွက်မူ ထိခိုက်လာနိုင်သည်ဟု ပြောကြားခဲ့သည်။

‘ခရီးသွားလုပ်ငန်းဆိုတာက အမြဲတန်း အသွားအပြန်ရှိပါတယ်။ အပြင်ထွက်တဲ့လူမရှိရင် အတွင်းဝင်လာတဲ့လူလည်း မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လေကြောင်းခရီးသွားလုပ်ငန်းက အသွားရော အပြန်ရော နှစ်ခုစလုံးကို လိုအပ်လို့ပါ’’ဟု MTTA၏ ဥက္ကဌဖြစ်သည့် ဟမ်ဇာ ရာမတ်က ပြောကြားခဲ့သည်။

ရင်းဂစ်ငွေ တန်ဖိုးကျဆင်းရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သည့် နိုင်ငံရေးရာသီဥတုကလည်း မှန်မှန်ကန်ကန် မကိုင်တွယ်ပါက ကမ္ဘာလှည့်များကို မောင်းထုတ်ရာရောက်လိမ့်မည်ဟုလည်း ၎င်းက ပြောကြားသည်။

ဝန်ကြီးချုပ် နာဂျစ်ရာဇက်ကမူ နိုင်ငံရေးတွင် အလွန်အကျွံခန့်မှန်းမှုသည်ပင် ရင်းဂစ်ငွေ အားနည်းသွားရခြင်း၏ နောက်ကွယ်က တွန်းအားတစ်ရပ်ဖြစ်သည်ဟု ပြောကြားသည်။

အကျင့်ပျက်ခြစားမှုနှင့် ငွေလျှော်မှုစွပ်စွဲချက်များကို နာဂျစ်ရာဇက်က တစ်လျှောက်လုံး ငြင်းပယ်လာခဲ့သော်လည်း နိုင်ငံတကာသတင်းမီဒီယာများတွင်မူ ဟိုးလေးတကျော်ကျော် ဖော်ပြနေဆဲပင်ဖြစ်သည်။

‘သတင်းက မှန်သလားမှားသလားဆိုတာတော့ ဘယ်သူမှမသိဘူး။ ဒါပေမယ့်လည်း လူတွေက ဒီသတင်းတွေကို ဖတ်မိကြတော့ ဒီလိုပါလားလို့တော့ မှတ်ယူသွားကြတယ်။ ဥပမာ မြန်မာဆိုပါတော့။ ကမ္ဘာလှည့်တွေက မြန်မာတစ်နိုင်ငံလုံး ရေလွှမ်းနေတယ်လို့ ထင်နေကြတယ်’’ဟု မစ္စတာ ဟမ်ဇာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required