DC ၏ Shazam ဇာတ်ကား၌ ဘီလီဘတ်ဆန်အဖြစ် အက်ရှာအိန်ဂျယ်သရုပ်ဆောင်မည်

DC ၏ Shazam ဇာတ်ကား၌ ဘီလီဘတ်ဆန်အဖြစ် အက်ရှာအိန်ဂျယ်သရုပ်ဆောင်မည်

DC ရုပ်ပြဇာတ်လမ်းတွဲများထဲမှ နာမည်ကျော် လူစွမ်းကောင်းဇာတ်ကောင် Shazam ၏ အကြောင်းကို ရုပ်ရှင် ရိုက်ကူးတော့မည်ဖြစ်ပြီး ကလေးသရုပ်ဆောင်အက်ရှာအိန်ဂျယ်က ဇာချာရီလက်ဗီနှင့်အတူ ဘစ်လီဘတ်ဆန် ဇာတ်ကောင်နေရာမှ ပါ၀င်သရုပ်ဆောင်သွားမည်ဖြစ်သည်။

ထိုရုပ်ရှင်သည် လူငယ်လေးတစ်ဦးက “Shazam” ဟူသော စကားလုံးကိုအော်ဟစ်လိုက်ချိန်၌ လူစွမ်းကောင်း တစ်ဦးအဖြစ် ပြောင်းလဲသွားပုံကို အဓိကဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။ Shazam ဟူသော စကားလုံးမှာ စွမ်းအားမြင့် နတ်ဘုရားများဖြစ်ကြသော Solomon၊ Hercules၊ Atlas ၊ Zeus၊ Achilles နှင့် Mercury တို့၏ ရှေ့အက္ခရာများကို ယူထားခြင်းဖြစ်ပြီး ထိုစကားလုံးကို အော်ဟစ်လိုက်ချိန်တွင် လူငယ်လေး ဘီလီဘတ်ဆန် သည် အရွယ်ရောက်ပြီးသား လူစွမ်းကောင်းတစ်ဦးအဖြစ် ပုံပြောင်းသွားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

သရုပ်ဆောင်မာ့ခ်စတရောင်းသည် အဆိုပါဇာတ်ကား၌ ဗီလိန်ဇာတ်ကောင်နေရာအတွက် ဆွေးနွေးလျက်ရှိပြီး ဂရေ့စ်ဖူလ်တန်က အိန်ဂျယ်၏ သူငယ်ချင်းနေရာမှ သရုပ်ဆောင်မည်ဖြစ်သည်။

အဆိုပါဇာတ်ကားကို Lights Out ဇာတ်ကား၏ ပဲ့ကိုင်ရှင်ဖြစ်သူ ဒေးဗစ်အက်ဖ်ဆန်းဘာ့ဂ်က ရိုက်ကူးမည်ဖြစ် ပြီး ဟန်နရီဂေဒန်နှင့် ဒါရန်လမ်ခီတို့က ဇာတ်ညွှန်းရေးသားထားကာ “Annabelle: Creation’s” ဇာတ်ကား၏ ထုတ်လုပ်သူဖြစ်သော ပီတာဆက်ဖ်ရန်က ထုတ်လုပ်မည်ဖြစ်သည်။

Shazam သည် အခြား DC ရုပ်ပြများဖြစ်ကြသော Flashpoint ၊ Batgirl နှင့် Suicide Squad တို့ထက် ရှေးဦးစွာ အလျင်ရိုက်ကူးမည့် ဇာတ်ကားတစ်ကားဖြစ်သည်။

Ref: Variety

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required