Miss Universe 2017 ပြိုင်ပွဲတွင် မြန်မာဆိုင်းဝိုင်းပုံစံ ဖန်တီးထားသည့် ၀တ်စုံဖြင့် ယှဉ်ပြိုင်မည့် ဇွန်သံစဉ်

Miss Universe 2017 ပြိုင်ပွဲတွင် မြန်မာဆိုင်းဝိုင်းပုံစံ ဖန်တီးထားသည့် ၀တ်စုံဖြင့် ယှဉ်ပြိုင်မည့် ဇွန်သံစဉ်

ရန်ကုန် ၊ နိုဝင်ဘာ ရ ။           ။ အမေရိကန်နိုင်ငံ Las Vegas တွင် ကျင်းပပြုလုပ်မည့် Miss Universe 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် အလှမယ် ဇွန်သံစဉ်သည် မြန်မာဆိုင်းဝိုင်းပုံစံ ဖန်တီးထားသည့် နိုင်ငံကိုယ်စားပြုဝတ်စုံကို ၀တ်ဆင်မည် ဖြစ်သည်။

အလှမယ် ဇွန်သံစဉ် ၏ နိုင်ငံကိုယ်စားပြု ၀တ်စုံကို ဒီဇိုင်နာ Dr သဇင်ခင် မှ ပုံဖော်ချုပ်လုပ် ပေးထားခြင်း ဖြစ်ပြီး  မြန်မာ့ဆိုင်းဝိုင်းကို သရုပ်ဖော်ထားခြင်းဖြစ်ကာ မြန်မာ့အနုပညာ ရွှေချည်ထိုး လက်ရာနှင့် မှန်စီရွှေချ လက်ရာ များကို ဖော်ကျူး ပြသထားသည့် ဝတ်စုံဖြစ်သည်။

မြန်မာ့ရိုးရာ တူရိယာဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်းကို ရှေ့တည့်တည့်မှ မြင်ရသည့် မြင်ကွင်းဖြင့် ပုံဖော်ပြုလုပ် ထားခြင်းဖြစ်ပြီး ရှေ့တည့်တည့်မှမြင်ရသည့် မြန်မာ့ဆိုင်းဝိုင်းကြီးမှ ပတ်ဝိုင်းကြီးပုံကို မယ်စကြာဝဠာ မြန်မာ အလှမယ် ဇွန်သံစဉ်မှ ပုဝါဖြင့်သိုင်းကာ လက်ဖြင့်ဆွဲယူသယ်ဆောင်လာမည် ဖြစ်ကာ ပြီးမှ နောက်ဘက် တွင် ခေါက်ယူလာသော ကြေးဝိုင်း၊ ပတ်မဝိုင်းနှင့် ပဥ္စရူပတို့ကို ဖြန့်ချပြသမည် ဖြစ်သည်။

မြန်မာ့ဆိုင်းဝိုင်းကြီးပုံကို ဖြန့်ချပြသလိုက်သည့်အခါ ညာဘက်တွင် ကြေးဝိုင်းနှင့် မြန်မာ့ဆိုင်းဝိုင်း ဆိုင်းဘုတ်၊ ဘယ်ဘက်တွင် ပတ်မဝိုင်းနှင့် ပဥ္စရူပ၊ ၄င်းတွင်ချိတ်ဆွဲထားသော ပတ်မကြီးနှင့် မောင်းတို့ကို တွေ့မြင်ရမည် ဖြစ်ကာ တွေ့မြင်ရသည့် အစိတ်အပိုင်းများကို မြန်မာ့ရိုးရာလက်မှုရွှေခြည်ထိုးဖြင့် ဖန်တီး ပြုလုပ်ထားသည်။

ပတ်ဝိုင်းကြီး၊ ကြေးဝိုင်း၊ ပတ်မဝိုင်းတို့ကို ကျွန်းသစ်ဖြင့် ဘောင်ပြုလုပ်ပြီး ထိုကျွန်းပြားပေါ်တွင် မြန်မာမှု မှန်စီ ရွှေချလက်မှုပညာများဖြင့် အလှဆင်ထားသည်။ ဝါးလက်ခုတ်၊ ယကွင်း၊ နှဲစသော မြန်မာ့ဆိုင်းဝိုင်းကြီးကို တီးသည့်အခါ ပါဝင်အားဖြည့်ရသည့် မြန်မာ့တူရိယာပစ္စည်းများကို မြန်မာ့ဆိုင်းဝိုင်းဆိုင်းဘုတ်အောက်တွင် ချိတ်ဆွဲပြသထားသည်။

ဆိုင်းဝိုင်းကြီးအား ဆိုင်းတီးပုံဖြင့် သရုပ်ဖော်ပြသပေးသူ မယ်စကြာဝဠာ မြန်မာအလှမယ် ဇွန်သံစဉ်၏ ဝတ်စုံမှာ ကုန်းဘောင်ခေတ် မင်းသမီးများ၏ ဝတ်စုံကို မှီငြမ်းပြီး ဆန်းသစ်တီထွင် ဖန်တီးချုပ်လုပ် ထားသည်။ မင်းသမီး ဝတ်စုံ၏ အဆင် တန်ဆာများကို မြန်မာ့လက်မှုရွှေခြည်ထိုးဖြင့် ပြုလုပ်ပြီး ရွှေသားစစ်စစ်များ ထည့်သွင်း အလှဆင် ထားပာ တိမ်တောင်ဆံထုံးကို အလှဆင်ထားသည့် ရွှေကနုတ်ပန်းခက်နှင့် ရွှေကြိုးတို့ကို ရွှေသား စစ်စစ်ဖြင့် ပြုလုပ်ထားသည်။

ထို့အပြင် အလှမယ် ဇွန်သံစဉ် သည် ရန်ကုန်ယဉ်‌ကျေးမှု တက္ကသိုလ် မြန်မာ့‌ စောင်းတူရိယာ ဒီပလိုမာ သင်တန်းသူ တဦးဖြစ်ပြီး 66th miss universe 2017 တွင် Talent Show ပါ၀င် ခဲ့ပါက မြန်မာသံစဉ် နှင့် နိုင်ငံတကာ သံစဉ်‌ ပေါင်းစပ် တီးခပ်ပြသွားမည် ဖြစ်သည်။

Miss Universe 2017 ပြိုင်ပွဲကို အမေရိကန်နိုင်ငံ Las Vegas တွင် နိုဝင်ဘာ ၂၆ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး အလှမယ် ဇွန်သံစဉ် အနေဖြင့် နိုဝင်ဘာ ၈ ရက်တွင် မြန်မာနိုင်ငံ မှ အမေရိကန်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly