ရဲနှင့် ရေမဆေးကျောက်ရှာသူများ ပဋိပက္ခ ဖြစ်ပွားမှု ရဲ ၁ ဦးနှင့် ရေမဆေးသမား ၂ ဦး သေဆုံး

ရဲနှင့် ရေမဆေးကျောက်ရှာသူများ ပဋိပက္ခ ဖြစ်ပွားမှု ရဲ ၁ ဦးနှင့် ရေမဆေးသမား ၂ ဦး သေဆုံး
ဓာတ်ပုံ-EPA

ချင်းမိုင်၊ နိုဝင်ဘာလ ရ ။            ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုရှိ ကျောက်စိမ်းလုပ်ကွက် တစ်ခုတွင် လုံခြံုရေးယူထားသည့် ရဲတပ်ရင်းနှင့် ရေမဆေးသမားများ ပဋိပက္ခဖြစ်ပွားခဲ့သဖြင့် ရဲ တပ်ကြပ် တစ်ဦးနှင့် ရေမဆေးသမား ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့ ညနေ၃ နာရီကျော်ချိန်တွင် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ရတနာစမ်းရွှင် ကျောက်စိမ်း တူးဖော်ရေး ကုမ္ဗဏီ လုပ်ကွက်အတွင်း လုံုခြံုရေး ရဲတပ်ရင်းနှင့်   ရေမဆေးကျောက်ရှာဖွေသူများ ပဋိပက္ခဖြစ်ပွားရာ ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် ရေမဆေးရှာသူ ၂ ဦးသေဆုံးခဲ့ပြီးနောက် ရဲတပ်ဖွဲ့ကို ပြန်လည် တိုက်ခိုက်ခဲ့ရာမှ ရဲတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဖားကန့်မြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးဒရှီလဆိုင်းက ပြောသည်။

“ရေမဆေးသမားတွေနဲ့ ကုမ္ဗဏီလုပ်ကွက်မှာ လုံခြံုရေးယူထားတဲ့ ရဲတွေနဲ့ ပဋိပက္ခဖြစ်ရင်းနဲ့ အဲဒီလို ဖြစ်ပွားတယ်။ ကျနော်သိတလောက် ရဲ တစ်ဦးသေတယ်။ ရဲက နောက်ပိုင်းသေတာပေါ့။ ပထမဆုံးသေတာက ရေမဆေးသမား ၁ ဦးပေါ့နော်။ သေသွားတဲ့အချိန် အဲဒီရဲကို ရေမဆေးသမားတွေက ပြန်ပြီးမှ ဝိုင်းထားပြီး စိတ်မထိန်းနိုင်လို့နေမှာ ရဲကို ဝင်လုံးတဲ့အချိန် ရဲက ဒဏ်ရာရသွားတယ်။ ဆေးရုံရောက်တဲ့အချိန်မှာ သေသွားတဲ့အနေအထားရှိတယ်”ဟု သူက ပြောသည်။

ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ရတနာစမ်းရွှင် ကျောက်စိမ်း တူးဖော်ရေး ကုမ္ဗဏီ လုပ်ကွက်အတွင်း လုံုခြံုရေး ရဲတပ်ရင်း ၃၀ မှ ရဲတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက်ရွာသူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွင် ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ် အောင်ခိုင်၊ ရေမဆေးသမား အသက် ၁၉ နှစ်အရွယ် အောင်နိုင်စိုးနှင့် အခြားတစ်ဦးတို့ သေဆုံးခဲ့သည်။

“ပထမစ ပစ်လိုက်တာက ရဲပစ်လိုက်တာ နဖူးတည့်တည့်မှန်တာပေါ့ဗျ။ သေသွားတဲ့ ရဲက ဒီကိစ္စဖြေရှင်းပေးပါ့မယ်ပြောရင်းတဲ့ ရေမဆေးသမားက များများလာတဲ့အခါကြတော့ တယောက်က စရိုက်လိုက်တာ ရေမဆေးက ၄၊ ၅ ၊ ၈ ရာ၊ ၁၀၀၀ ဗျာ။ ထားပါတော့ သေသွားတယ်ပေါ့ဗျာ”ဟု ဒေသခံကိုဇော်မိုးထက်က မဇ္စျိမကို ပြောသည်။

ကျောက်စိမ်းကုမ္ဗဏီ၏ စက်ယန္တရားများဖြင့် တူးဖော်၍ စွန်ပစ်ထားသော မြေစာပုံအတွင် ရေမဆေးရှာဖွေသူများက ကျောက်ရှာဖွေနေချိန် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ မဇ္စျိမက ဖားကန့်ရဲစခန်းသို့ ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့ကလည်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် လုံခြံုရေး ရဲတပ်ရင်းနှင့် ရေမဆေးရှာသူများအကြား ခို်က်ရန် ဖြစ်ပွားခဲ့သဖြင့် ရေမဆေးရှာသူ ၆ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ခန့် ဒဏ်ရာ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required