နေရပ်ပြန်ရန် လမ်းပျောက်နေသည့် စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှင့် ကလေးငယ်များ

နေရပ်ပြန်ရန် လမ်းပျောက်နေသည့် စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှင့် ကလေးငယ်များ

ကာလရှည်ကြာ ပြည်တွင်းစစ်ဘေးဒဏ်ခံရသော ကချင်ပြည်နယ်တွင် မြို့တော်  မြစ်ကြီးနားမြို့သည် တခြားမြို့ကြီးများနည်းတူ နေ့လည်ပိုင်းတွင် အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်စားသောက်နေကြ   သော်လည်း ညနေစောင်း မှောင်ရီပျိုးချိန်တွင် လှုပ်ရှားသွားလာသူမရှိသလောက် နည်းပါးလှသည်။

“မြစ်ကြီးနားမှာ အဓိကဖြစ်နေတာက လုယက်မှုတွေပေါ့။ လုယက်မှုဖြစ်တယ်။ မုဒိမ်းမှုဖြစ်တယ်။ အမျိုးသမီးတွေ အတွက် မုဒိမ်းမှုက ပိုများနေတာဆိုတော့ အဓိကစိန်ခေါ်မှုက  အမျိုးသမီးတွေအတွက် ပိုများနေတယ်”ဟု ကချင်ပြည်နယ်တွင် အမျိုးသမီးအရေးအဓိကလုပ်ဆောင်နေသည့် Htio Gender and Development Foundation ဥက္ကဋ္ဌ ဒေါ်နန်ပူက ပြောသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြစ်ကြီးနားမြို့တွင် လူဦးရေ ၃ သိန်းကျော် ရှိသော်လည်း ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူများကိုပါ လက်ခံထားရသည့် မြစ်ကြီးနားမြို့လေးသည် ဒဏ်ရာရကျားတစ်ကောင် လဲလျှောင်းနေသကဲ့သို့ ဆောင်းအဝင် မြူခိုးများအောက် တိတ်ဆိတ်ငြိမ်သက်နေသည်။

မြစ်ကြီးနားမြို့ နှင့် ဝိုုင်းမော်မြို့ကြားရှိ ဧရာဝတီမြစ်ကို ဖြတ်ပြီး တည်ဆောက်ထားသည့် ဗလမင်းထင် တံတားကြီးအား ကျော်ဖြတ်ကာ သွားရာလမ်းတလျှောက်ရှိ ဂိတ်များတွင် လက်နက်အပြည့်အစုံဝတ် တပ်မတော်သားများနှင့် ရဲတပ်သားများကို တာဝန်ချထားသည်။

ဝိုုင်းမော်မြို့ထဲသို့ဝင်လာပြီး လမ်းမကြီးမှ သွေဖယ်ကာ  မြေနီလမ်းအတိုင်းဆက်သွားလျှင် အမိုးအပြာရောင်၊ သွပ်ရောင် တလက်လက်နှင့် တဲစုစုကို အဝေးမှပင် လှမ်းမြင်ရသည်။ အဆိုပါနေရာသည် ၀ိုင်းမော်မြို့နယ်ထဲရှိ မိုင်းနား စစ်ဘေးရှောင်စခန်း ဖြစ်သည်။

ဝါးထရံကာသစ်သားများနှင့်တည်ဆောက်ထားသည့် တန်းလျားရှည် အဆောက်အဦများတွင် တိုက်ပွဲများ ကြောင့် ကချင်ပြည်နယ်ဒေသ အသီးသီးမှ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင် ပြည်သူများ နေထိုင်နေကြသည်။ ၈ ပေပတ်လည် အကျယ်ရှိ အခန်းကျဉ်း တစ်ခုတွင် မိသားစု တစ်စုစီ နေထိုင်ခွင့် ရပြီး  အလင်းရောင် မရှိ၊ ပိတ်လှောင်နေသည့် အဆိုပါ အခန်းထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များကို အများဆုံး တွေ့မြင်ရသည်။ တန်းလျားရှည်၏ နံဘေးတွင် အစားအသောက် ချက်ပြုတ်ရန်အတွက် စုုပေါင်းမီးဖိုခန်းများကိုလည်း ဆောက်လုပ်ပေးထားသည်။

မီးဖိုခန်းအတွင်း မဲညစ်နေသော ဒန်အိုးကို လက်နှီးစုတ်ဖြင့်ကိုင်ကာ  ထမင်းရည်ငှဲ့နေသော ဒေါ်လုဂျန်က” ကျွန်မ ဒေါ်အောင်ဆန်းစုုကြည်နဲ့ တွေ့ဖြစ်ခဲ့မယ်ဆိုုရင် ကချင်ပြည်ကြီး မြန်မြန်ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ပါစေ။ ကျွန်မတို့ နေရပ်မြန်မြန်ပြန်ချင်တယ်လို့ ပြောချင်တယ်”ဟု ပြောသည်။

၂၀၁၁ ခုနှစ် ဇွန်လအတွင်းက ပြန်လည်ဖြစ်ပွားသော ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်)နှင့် မြန်မာတပ်မတော်အကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ပြည်သူဦးရေမှာ တစ်သိန်းကျော်ခန့်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ ၂၀၁၄ ခုနှစ် ထုတ်ပြန်သောစာရင်းများအရ သိရသည်။

ကချင်ပြည်နယ်အတွင်း  စစ်ဘေးရှောင်စခန်းပေါင်း တစ်ရာ ကျော် ရှိပြီး စခန်းရှိ လူဦးရေ၏ ထက်ဝက်ကျော်မှာ အမျိုးသမီးနှင့် ကလေးသူငယ်များ ဖြစ်သည်။

“အဓိကကတော့ တပ်မတော်ပါပဲ၊ တပ်မတော်က ထိုးစစ်တွေကိုု လိုလိုလားလားနဲ့ ရုုပ်သိမ်းပေးရင်တော့ အမျိုးသမီးနဲ့ ကလေးတွေက သူတို့ရဲ့နေရပ်ကို လုံလုံခြံုခြံုနဲ့ ပြန်နိုင်မယ်လိုု့ မျှော်လင့်ပါတယ်” ဟု Htoi Gender Foundation ၏ ဥက္ကဋ္ဌ ဒေါ်နန်ပူက ပြောသည်။

၆နှစ်ကျော် ကြာမြင့်လာသည့်တိုင် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ရေးအတွက် မရေရာသေးသော အခြေအနေတွင် လက်ရှိ အစိုးရဖော်ဆောင်နေသောငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မျှော်လင့်ချက်များမှာ လည်း တစ်စတစ်စ လျော့ပါးလာပြီဖြစ်ကြောင်းလည်း စစ်ဘေးရှောင်ပြည်သူအများစုက ပြောလာကြသည်။

“ ကချင်ပြည်နယ်အားလုံုး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်နိုင်တဲ့အခြေအနေတစ်ခု ဖြစ်ချင်တယ် ပေါ့နော်၊ အားလုံုးငြိမ်းငြိမ်းချမ်းချမ်းဖြစ်မှာ လူတွေ စားဝတ်နေရေး အားလုံုးပြေလည်နိုင်မယ်” ဟုု မိုင်းနားစစ်ရှောင်စခန်းရှိ အသက် ၃၂ နှစ်ရှိသူ မဇနော်က ပြောသည်။

ထိုသို့ စားဝတ်နေရေးအခက်အခဲအပြင် စစ်ရှောင်စခန်းထဲတွင် နေထိုုင်တာကြာလာသည်နှင့်အမျှ စစ်ရှောင်ကလေးများသည်လည်း စခန်းထဲတွင်ပင် အရွယ်ရောက်လာကြပြီး အိမ်ထောင်ရက်သား ပြုကြသည့်အရွယ်များရောက်လာသည်။ အဆိုုပါ အိမ်ထောင်ရက်သားကျသည့်လူငယ်များအတွက် နေရာထိုင်ခင်း အလုံုအလာက်မရှိဘဲ မိသားစုဦးရေအများအပြားဖြင့် ကြပ်ညှပ်သည့် စခန်းမှ ဆောက်ပေးထားသည့် အိမ်ထဲတွင်ပင် မိသားစုများနှင့် တိုးဝှေ့ကာနေထိုင်ကြရသည်။

ထိုသို့ အခက်အခဲများစွာဖြင့် နှစ်တွေကြာလာသည်နှင့်အမျှ  သက်ဆိုုင်ရှာ အဖွဲ့အစည်း တာဝန်ရှိသူများ၏ ငြိမ်းချမ်းရေးဆောင်ရွက်နေမှုအပေါ် စစ်ရှောင်ပြည်သူများက  မိမိတိုု့အနေဖြင့် စစ်ရှောင်စခန်းများတွင် နှစ်ပေါင်းမည်မျှကြာအောင် ဆက်လက်နေထိုင်ရမည်လဲ မိမိတိုု့၏နေရပ်ဒေသကိုု ပြန်နိုင်မည့်အခွင့်အရေးများ ရှိလာနုုိင်ဦးမည်လားဆိုုသည့် မေးခွန်းများ ထုတ်လာစရာဖြစ်လာတော့သည်။ 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရလက်ထက်တွင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ၂၁ ရာစု ပင်လုံအစည်းအဝေးများကျင်းပကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မရေးထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို လက်မှတ်ရေးထိုးရန် တိုက်တွန်းလျှက်ရှိသည်။

“ ယခုုလက်ရှိအစိုုးရနဲ့ စစ်တပ်ကြားမှာ တော်တော်နက်နဲတဲ့ အရာတစ်ခုခုတော့ ရှိတယ်လို့ ကျွန်တော် ခံစားမိတယ်။ Agreement ပုံုစံပေါ့၊ ဘာကြောင့်လဲဆိုုတော့ ကျွန်တော်တိုု့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အချိန်မှာ ၁၇/၁ ကိစ္စတွေပြောတယ်၊ တပ်မတော်ထိုးစစ်ကိစ္စတွေပြောတော့ ဒါဟာ တပ်မတော်က သူတိုု့ရဲ့လုံုခြံုရေးအရ လုုပ်နေတဲ့ကိစ္စလိုု့ပြောလာတယ်ဆိုတော့ ကျွန်တော်တိုု့ဘက်က နားမလည်နိုုင်တာတွေ ဖြစ်လာတယ်” ဟု  Kachin Baptist Convention(KBC) မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။

ပြည်တွင်းစစ် ရပ်စဲကာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်ကို ၀ိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်း ကချင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောသည်။

ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ရရှိခဲ့သော သဘောတူညီချက် ၃၇ ချက်တွင် စစ်ဘေးရှောင်ပြည်သူများနှင့် ပတ်သက်၍ နေရပ်ပြန်ရေးနှင့် သွားရောက်လိုသောဒေသသို့ လူဂုဏ်သိက္ခာနှင့် အညီ ဘေးကင်းလုံခြံုစွာ အခြေချနေထိုင်ရေးတို့ကို သဘောတူညီခဲ့သည်။

“ကျွန်မတိုု့ နေရပ်ပြန်ရမယ်ဆိုုရင် အဓိကက ပထမဦးဆုံုး တိုုက်ပွဲဖြစ်တုုန်းက မိုုင်းအစအနတွေအကုုန်လုံုး ရှင်းရှင်းလင်းလင်းအရင်လုုပ်ပေး၊ ပြီးရင် ကျောင်း၊ ဆေးခန်း၊ သောက်ရေတွေကိုု သန့်သန့်ရှင်းရှင်းလုုပ်ထားပေး၊ နေအိမ်တွေကိုု နဂိုုအတိုုင်း၊ ရွာပုံုစံနဂိုုအတိုုင်း အဆင်သင့်လုုပ်ပေးပါလိုု့ တောင်းဆိုုချင်ပါတယ် “ ဝိုုင်းမော်မြို့နယ် မိုုင်းနားစစ်ရှောင်စခန်းတွင် ၆ နှစ်ကျော် နေထိုင်နေရသည့် ဒေါ်ခမ်းတောမ်က ပြောသည်။

“ ကျွန်တော်တိုု့အနေနဲ့ကတော့ စစ်တပ်နဲ့ ကေအိုင်အေရဲ့ Agreement တစ်ခုခုအပေါ်မှာ ခိုုင်မာမှုရှိမယ်ဆိုုရင် ပြန်လို့ရမယ်လို့ပဲယုံုကြည်တယ်၊ ဒုုတိယအချက်ကတော့ ဒီနိုုင်ငံရေးအောင်မြင်စွာ ဆွေးနွေးနိုုင်ခဲ့ပြီဆိုုရင်လည်း ဒါအေးအေးဆေးဆေး ပြန်နိုုင်မယ်လိုု့ ဒီအချက်နှစ်ချက်အပေါ်မှာ ပိုုပြီးတော့ အားထားချင်တာပေါ့၊ ဒီဒုုက္ခသည်တွေ ပြန်နိုုင်ရေးမှာ စားနပ်ရိက္ခာနဲ့ ဘတ်ဂျက်အနေအထား စိုုးရိမ်တာထက် လုံုခြံုရေးတိုု့ ၊ ပြီးတော့ နိုုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုတွေကိုု ပိုုပြီးတော့ အာရုုံစိုက် လုုပ်ဆောင်ပေးချင်ပါတယ်” ဟုု ဒေါက်တာ  ခလမ်ဆမ်ဆွန်က ပြောသည်။

လက်ရှိစစ်ဘေးရှောင်စခန်းအများစုတွင် အမျိုးသားအများစုက  မိသားစုု စားဝတ်နေရေးအတွက် အနယ်နယ် အရပ်ရပ်တွင် သွားရောက်လုုပ်ကိုုင်နေကြသလိုု စခန်းအတွင်း ကျန်ရှိသည့် အမျိုးသမီးများကလည်း မိမိတို့ တတ်မြောက်ထားသည့် ခြင်းယက်ခြင်း၊ ယက်ကန်းယက်ခြင်း၊ စက်ချုပ်ခြင်း၊ ကြက်ဝက်မွေးခြင်း စသည့် တပိုင်တနိုင်အလုပ်များ လုပ်ရင်း ဘဝကိုု ရုုန်းကန်နေကြရသည်။ လက်ရှိတွင် နိုင်ငံတကာမှ အကူအညီ များမှာလည်း လျော့နည်းလာနေပြီး လူတစ်ဦးလျှင် တစ်လကို ကျပ် တစ်သောင်းတစ်ထောင်သာ ရရှိတော့သည့် အနေအထားဖြစ်သည်။

 “စီးပွားရေးနဲ့ပတ်သက်ပြီးတော့ ကိုုယ့်နေရာဒေသလိုု လွတ်လွတ်လပ်လပ်လုုပ်ပိုုင်ခွင့်မရဘူးဆိုုတော့ အလုုပ် မယ်မယ်ရရ မရှိဘူးပေါ့၊ အလုုပ်မယ်မယ်ရရမရှိတော့ မိသားစုုအရေးက ခက်ခဲလာတယ်၊ ထောက်ပံ့မှုတွေ ကတော့ နည်းနည်းပါးပါးပေးတာတော့ရှိတာပေါ့နော်၊ ဒါပေမယ့် အရမ်းချွေချွေတာတာနေရတယ်လိုု့ ခံစားရတယ်၊ အပြင်မှာ ထွက်လုုပ်စားဖို့ဆိုုတာလည်း နိုုင်ငံရေး ဆူဆူပူပူဖြစ်နေတော့ ထွက်ပြီးလုုပ်စားလိုု့ အဆင်မပြေဘူး” ဟုု မဇနောက ပြောသည်။

 မိသားစုစားဝတ်နေရေးအတွက် အခြားဒေသများသို့ အလုပ်သွားလုပ်ရခြင်း၏ နောက်ဆက်တွဲအဖြစ် အိမ်ထောင်ဖက် အချင်းချင်းကြားတွင်လည်း ယုံမှားသံသယရှိခြင်းနှင့် သစ္စာရှိမှုအပေါ် သင်္ကာမကင်း ဖြစ်ခြင်းမှစ၍ အိမ်ထောင်ရေးပြသနာများလည်း ဖြစ်လာရကြောင်း GEN (ကျားမရေးရာ တန်းတူညီမျှရေး ကွန်ရက်)နှင့် KWPN (ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်) တို့ပူးပေါင်းကောက်ယူသော “ကချင်ပြည်နယ် စစ်ရှောင်စခန်းမှ အမျိုးသမီးတို့၏ အဓိက လိုအပ်ချက်များ” စစ်တမ်းတွင် ဖော်ပြထားသည်။

ထိုကဲ့သို့သော ပြဿနာပေါင်းများစွာကြားမှ စစ်ဘေးရှောင် အမျိုးသမီးများအတွက် အဓိက ကောက်ရိုးမျှင် တစ်မျှင်မှာ မြန်မာတပ်မတော်နှင့် KIA အကြား အချင်းချင်းညှိနှိုင်းနိုင်ပြီး ငြိမ်းချမ်းရေး အမြန်ဆုံးရရှိကာ မိမိတို့၏ မူရင်းဒေသသို့ပြန်ပြီး နေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးပင် ဖြစ်ပါတော့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly