ထန်းတောင်သူများ ချေးငွေရရှိရန် စီမံဆောင်ရွက်သွားမည်ဟု ဒုဝန်ကြီးပြော

ထန်းတောင်သူများ ချေးငွေရရှိရန် စီမံဆောင်ရွက်သွားမည်ဟု ဒုဝန်ကြီးပြော
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ အဘက်ဘက်မှ နိမ့်ကျလာသည့် ထန်းပိုင်ရှင်များနှင့် ထန်းတောင်သူများအား ၎င်းတို့လုပ်ငန်းနှင့်အတူ ရပ်တည်နိုင်ရေးအတွက် ချေးငွေရရှိရန် စီမံဆောင်ရွက်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ ထန်းပင်နှင့်ထန်းတောများ ထိန်းသိမ်းရန်နှင့် ထန်းတောင်သူများဘဝ တိုးတက်မြင့်မားလာစေရေးအတွက် အလေးထားဆောင်ရွက်ပေးရန် နိုဝင်ဘာ ၆ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အောင်မြေသာဇံမဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဒေါက်တာလှမိုး၏ မေးမြန်းမှုအပေါ် ဒုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“လိုအပ်မယ့် အထောက်အပံ့ အမတော်ကြေး(ချေးငွေ)အတွက်ကို သက်ဆိုင်ရာ စီမံ/ဘဏ္ဍာဝန်ကြီးဌာနနဲ့ ဆက်စပ်ညှိနှိုင်း ဆောင်ရွက်သွားမည်” ဟု ဒုဝန်ကြီး ဦးလှကျော်က ပြောသည်။

ထန်းတောင်သူများ ချေးငွေရရှိရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းသွားမည်ဟု ဒုဝန်ကြီး  ပြောကြားသော်လည်း မည်သည့်ကာလတွင် စတင်ထုတ်ချေးပေးမည်ကိုမူ ၎င်းက “အနှေးနဲ့အမြန် စီမံဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း” ဟုဆိုပြီး အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် ထန်းပိုင်ရှင်၊ ထန်းတောင်သူဦးရေ သုံးသိန်းခန့်ရှိပြီး ၎င်းတို့ကို မှီခိုနေရသည့် မိသားစုများမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်တွင် နိမ့်ကျနေသည်ဟု ဒေါက်တာလှမိုးက လွှတ်တော်တွင် ပြောသည်။

“ယနေ့အချိန်မှာ အဘက်ဘက်မှ နိမ့်ကျနေတဲ့ ထန်းပိုင်ရှင်နဲ့ ထန်းတောင်သူတွေနဲ့အတူ မိမိတို့လုပ်ငန်းနဲ့အတူ ဘဝတူရှင်သန်နိုင်ရန် ရပ်တည်နိုင်ရေးအတွက် ထန်းနဲ့ပတ်သက်တဲ့ အမတော်ကြေးတွေ၊ ချေးငွေတွေ ရရှိရေး ဖြစ်ပါတယ်။ နို့မို့ရင် သူတို့ ဘယ်လိုမှ မရပ်တည်နိုင်တော့ပါဘူး။ သူတို့ရဲ့ဘဝ တော်တော်နိမ့်ပါးနေတာကို တွေ့ရပါတယ်။ ဒီနေ့အချိန်ထိ ဘယ်ဝန်ကြီးဌနမှ ခေတ်အဆက်ဆက် တာဝန်ယူဆောင်ရွက်ပေးခြင်း မရှိသလို ဒီနေ့အထိလည်း တာဝန်ယူဆောင်ရွက်ပေးခြင်း မရှိသေးတာကို တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

ထန်းပင်များမှာလည်း တစ်နေ့ထက်တစ်နေ့ ခုတ်ယူရောင်းချမှုကြောင့် လျော့နည်းလာသည့်အတွက် ထိန်းသိမ်းကာကွယ်ပေးရန် လိုအပ်နေသည်ဟုလည်း ဒေါက်တာလှမိုးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ထန်းပင်မှထွက်သည့် ထန်းရည်ကို သောက်သုံးကျသလို ထန်းရည်ချိုမှ ထန်းလျက်ချက်လုပ်ငန်း၊ ထန်းပင်မှ ရိုးရာလက်မှုပစ္စည်းပြုလုပ်သည့် လုပ်ငန်းနှင့် ထန်းပင်ကိုခုတ်လှဲပြီး ပရိဘောဂနှင့် အိမ်ဆောက်ပစ္စည်း လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

ပျဉ်းမျှအားဖြင့် ထန်းပင်တစ်ဧအတွက် တစ်နှစ်လျင် ဝင်ငွေအဖြစ် ကျပ်ဆယ်သိန်းကျော် ရရှိနိုင်သည်ဟု ဒုဝန်ကြီး ဦးလှကျော်က လွှတ်တော်တွင် ပြောကြားသည်။

“လေ့လာတွေ့ရှိချက်တွေအရ ထန်းပင်တစ်ဧက ကနေ ပျဉ်းမျှ ထန်းသီးခိုင်ဟာ ၃၃၀၀ခန့် ရရှိပါတယ်။ ထန်းရည် တစ်နေ့ ၁၂လီတာ ရရှိနိုင်ပါတယ်။ တစ်ရာသီစာ ၄၅ရက်အတွက် ၅၄၀လီတာ ထွက်ရှိတဲ့အတွက် တစ်နှစ်ဝင်ငွေဟာ ကျပ်ဆယ်သိန်းနဲ့ ရှစ်ထောင်ကျော်ခန့် ရရှိမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ မျှော်မှန်းဝင်ငွေ ရရှိသော်လည်း လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ထန်းပင်များသည် သက်တမ်းကြီးလွန်းခြင်း၊ အပင်အရပ်မြင့်လွန်းခြင်း၊ ထန်းတက်လုပ်သား ရှားပါးခြင်း စသည်တို့ကြောင့် ထုတ်လုပ်မှုအပိုင်း ကျဆင်းပြီး ဈေးကွက် လျော့နည်းလာနေပြီ ဖြစ်သည်ဟုလည်း ဦးလှကျော်က ဆိုသည်။

အခြားတစ်ဖက်တွင်လည်း ထန်းပင်များကို ခုတ်လှဲရောင်းချပြီး ပရိဘောဂများ၊ အိမ်ဆောက်ပစ္စည်းများအဖြစ် အသုံးပြုကြလျက်ရှိရာ ထန်းပင်တစ်ပင် ခုတ်လှဲရောင်းချလျှင် ကျပ်ငွေ နှစ်သောင်းခန့်အထိ ဈေးကွက်ရှိနေသည့်အတွက် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ထန်းတောများ ရေရှည်တည်တံ့ရန် အဟန့်အတားများနှင့် ရင်ဆိုင်နေရသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags