တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ၁၃ ပြိုင်ပွဲတွင် နေပြည်တော်အသင်း ဗိုလ်စွဲ

တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ၁၃ ပြိုင်ပွဲတွင် နေပြည်တော်အသင်း ဗိုလ်စွဲ
(ဓာတ်ပုံ - MFF)

လူငယ်မျိုးဆက်များ ပေါ်ပေါက်လာရေးရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် MFF U-13 Boy's States & Regions Tournament ဗိုလ်လုပွဲအဖြစ် နေပြည်တော်အသင်း နှင့် ဧရာဝတီအသင်းတို့ နိုဝင်ဘာလ ၅ရက်နေ့ ညနေ (၄)နာရီ၊ သုဝဏ္ဏမြက်ခင်းတုကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြရာ နေပြည်တော်အသင်းမှ ပွဲပြီးဆုံးကာနီး (၁) မိနစ်အလိုတွင်သွင်းယူခဲ့သည့် အနိုင်ဂိုးဖြင့် ဧရာဝတီအသင်းကို အနိုင်ရကာ ချန်ပီယံဆုရရှိခဲ့သည်။

ဗိုလ်လုပွဲဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြိုင်အဆိုင်ရှိသည့် ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ပွဲချိန် (၇)မိနစ်တွင် ဧရာဝတီအသင်း နောက်ခံလူနှင့် ဂိုးသမားနားလည်မှုလွဲနေခဲ့သည့်အနေအထားမှ နေပြည်တော်အသင်း ကျောနံပါတ်(၈) ဉာဏ်လင်းမောင်က အဖွင့်ဂိုးသွင်းယူသွားခဲ့သည်။ ဦးဆောင်ဂိုးခွင့်ပြုပြီးနောက် ဧရာဝတီအသင်း ကစားပုံပိုမိုကောင်းမွန်လာခဲ့ပြီး ပွဲချိန် ၂၃မိနစ်တွင်ရရှိခဲ့သည့် ပြစ်ဒဏ်ဘောကို ဧရာဝတီအသင်း ကျောနံပါတ် (၁၀) ခွန်သန်းကျော် တိုက်ရိုက်ကန်သွင်းကာ အသင်းအတွက်ချေပဂိုးသွင်းယူပေးခဲ့သည်။

ပထမပိုင်းပြီးတွင် တစ်ဖက် တစ်ဂိုးစီ သရေရလဒ်ဖြင့်ပြီးဆုံးခဲ့သည်။ သာမန်ပွဲကစားချိန် မိနစ် (၆၀)ပြီးဆုံးခဲ့ပြီး နာကျင်အချိန်ပို (၂)မိနစ်တွင် နေပြည်တော်အသင်းမှ ကျော်နံပါတ် (၁၂) ပိုင်ဇေသော် ကအသင်းအတွက် အဖိုးတန် အနိုင်ဂိုးသွင်းယူပေးခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် နေပြည်တော်အသင်းက ဧရာဝတီအသင်းကို (၂-၁) ဂိုးဖြင့်အနိုင်ရခဲ့ပြီး ချန်ပီယံဆု ဖလားအား သိမ်းပိုက်သွားနိုင်ခဲ့သည်။

ဗိုလ်လုပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲတစ်လျောက် ဂိုးသွင်းအများဆုံးကစားသမားဆု ရရှိခဲ့သည့် ဧရာဝတီအသင်းမှ ကျောနံပါတ် (၁၀) ခွန်သန်းကျော်ကို အမှတ်တရဆုနှင့် ဆုကြေးငွေ (၅)သောင်းကျပ်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်မှ လည်းကောင်း၊ 

ပြိုင်ပွဲတစ်လျောက် အကောင်းဆုံးကစားသမားဆုရရှိခဲ့သည့် နေပြည်တော်အသင်းမှ ကျောနံပါတ် (၈) ဉာဏ်လင်းမောင်အား အမှတ်တရဆုနှင့် ဆုကြေးငွေ (၅)သောင်းကျပ်ကို ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်မှ လည်းကောင်း၊ ပူးတွဲတတိယဆုရရှိခဲ့သည့်် ရှမ်းပြည်နယ်အရှေ့့ပိုင်း အသင်းအား ဆုကြေးငွေကျပ် ငါးသိန်းကို ပညာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံး ညွန်ကြားရေးမှူး ဦးဝင်းအောင် မှ လည်းကောင်း၊ ပူးတွဲတတိယဆုရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးအသင်းအား ဆုကြေးငွေ ငါးသိန်းကျပ်ကို နေပြည်တော် အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူး၊ ဦးမျိုးဝင်းအောင်မှ လည်းကောင်း အသီးချီးမြှင့်ပေးခဲ့သည်။

ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွန်ကြားရေးမှူး (ရန်ကုန် အားကာသိပ္ပံကျောင်းအုပ်ကြီး) ဦးစိုးအောင် မှ တစ်ဦးခြင်း ဆုတံဆိပ်များ ချီးမြှင့်ပေးခဲ့ပြီး ဆုကြေးငွေကျပ် (၁၀)သိန်း ကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော် မှ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ပထမဆုရရှိခဲ့သည့် နေပြည်တော်အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တစ်ဦးခြင်းဆုတံဆိပ်၊ ငွေကျပ် (၁၅)သိန်း နှင့် တံခွန်စိုက်ဖလားကို ချီးမြှင့်ပေးခဲ့ပြီး MFF U-13 Boy's States & Regions Tournament ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အောင်မြင်စွာပြီးဆုံးခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ယခုပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အသက် ၁၃ နှစ်အောက် အမျိုးသား အသင်းများအား ဖိတ်ခေါ်ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး အသက် ၁၃ နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ် တံခွန်စိုက်ပြိုင်ပွဲကိုလည်း ဆက်လက်ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

Source & Photo: Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required