လမ်းပိတ်ဆို့မှု ဖြစ်ပွားသည့်အတွက် သင်္ကန်းကျွန်းကားကြီးဂိတ်ရှိ YBS ကားဂိတ်နေရာ ရွှေ့မည်

လမ်းပိတ်ဆို့မှု ဖြစ်ပွားသည့်အတွက် သင်္ကန်းကျွန်းကားကြီးဂိတ်ရှိ YBS ကားဂိတ်နေရာ ရွှေ့မည်

ရန်ကုန်၊ နိုဝင်ဘာ ၅ ။             ။။ ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးဘေး၊ ကားကြီးဂိတ်နေရာရှိ YBS ဂိတ်ကို နေရာရွှေ့ ပြောင်းရန် စီစဉ်နေကြောင်း သိရသည်။

လမ်းမကြီးဘေးတွင် ကားဂိတ်ထားရှိခြင်းကြောင့် နေ့စဉ်လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေခြင်းကို လူပြောများလာသည့် အတွက် ယခုလိုစီစဉ်ရခြင်း ဖြစ်သည်ဟု တောင်ဒဂုံမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

" ဒီနေရာမှာ လမ်းပိတ်ဆို့မှုဖြစ်တာ ၁ လကျော် သွားပြီ၊ တခါတလေ ၁ နာရီလောက် ကြာတယ်၊ အကျိုးရှိတဲ့ အချိန်တွေ လမ်းပေါ်မှာ ပေးလိုက်ရတဲ့အခါ ခရီးသွားပြည်သူတွေက ပြောတာများလာတဲ့အတွက် အခုလိုဆောင်ရွက်ရခြင်းဖြစ်ပါတယ်။" ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

ကားဂိတ်အနီးနားတဝိုက်ရှိစျေးဆိုင်များကိုလည်း အနည်းငယ်နောက်ဆုတ်ပေးရန် ညှိနှိုင်းခဲ့ပြီး၊ အဆိုပါကားဂိတ် အနီးရှိ ဘောလုံးကွင်းအတွင်း ယာယီရပ်နားခွင့်ရရန် ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရ အဖွဲ့သို့ တင်ပြသွားမည်ဟု သိရသည်။

" နေ့စဉ်လမ်းပိတ်ဆို့မှု ဖြစ်တဲ့အတွက် ကားကြီးဂိတ်ရဲ့ဘေးနားမှာ ဘောလုံးကွင်းရှိတယ်၊ ဒီ ဘောလုံးကွင်းကြီးကို အသုံးချနိုင်ရေးအတွက် အစိုးရကို တင်ပြသွားမှာပါ၊ အမြဲတမ်း မရရင်တောင် ယာယီအနေနဲ့ အသုံးပြုခွင့်ပေးဖို့ တင်ပြသွားမယ်" ဟု ဦးညီညီက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ နိုဝင်ဘာလ ၂ ရက်နေ့ကလည်း တောင်ဒဂုံမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၊ သင်္ကန်းကျွန်း မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ သင်္ကန်းကျွန်းမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး အပါအဝင် YRTA မှ တာဝန်ရှိသူများ၊ YBS လိုင်း၊ အမှတ် ရ ယာဉ်လိုင်း တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

လမ်းပိတ်ဆို့မှုဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် မြို့တော်ဝန်ဦးမောင်မောင်စိုးတို့ထံ လိပ်မူကာ ယခု ၁ ပတ်အတွင်း တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required